
ဧရာဝတီတိုင်းမ်
(ပဲခူး)၊ စက်တင်ဘာလ ၂၂ ရက်
ပဲခူးတိုင်းအတွင်းရှိ တောင်ငူတပ်နယ်နှင့်ပြည်တပ်နယ်များတွင် စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ပြည်သူ့စစ်များကို လက်နက် တပ်ဆင်ပေးခဲ့ပြီး စစ်ဝတ်စုံများနှင့် စားနပ်ရိက္ခာများထောက်ပံ့ခဲ့ကြောင်း သိရသည်။
တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်များရှိ ပြည်သူ့စစ်လက်နက်တပ်ဆင်ပွဲ အခမ်းအနား ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ကြည်သိုက်အပါအဝင် စစ်ကောင်စီ လက်အောက်ခံများ တက်ရောက်ခဲ့ကြကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်း ဌာနများတွင် ဖော်ပြထားသည်။
“ပြည်သူ့စစ်ကိစ္စတွေက သူတို့ကြိတ်လုပ်နေတာကြာပြီပေါ့။ အခုကတော့ပေါ်ပေါ် ထင်ထင် လုပ်လာတာပေါ့။ အရင်တုန်းက ပဲခူးတိုင်းအတိုင်းအတာနဲ့ အရမ်းလိုအပ် ချက်မရှိသေးတာဖြစ်မယ်။ အခုကစစ်အင်အား လိုအပ်ချက်အရ ပြည်သူ့စစ်တွေကို အရေးပေါ်အနေနဲ့ တော်တော်လေး လိုက်စုနေကြတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပဲခူးတိုင်းအတွင်းရှိ သာယာဝတီခရိုင်တွင်လက်နက်ကိုင် ပြည်သူ့စစ်(ခေါ်) ပျူစောထီး အင်အား စုဆောင်းခြင်းများကိုပြီးခဲ့သည့် ဖေဖော်ဝါရီလဝန်းကျင်ကတည်းက ဆရာတော် ဦးဝီရသူ ဦးဆောင်၍ မဘသ များကိုအခြေခံကာ ဒေသခံဘုန်းကြီးကျောင်းများမှတဆင့် လိုက်လံစည်းရုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် စစ်ကောင်စီက သာယာဝတီမြို့နယ်အတွင်း ကျေးရွာအုပ်စုတစ်ခု၊ ရပ်ကွက် တစ်ခုလျှင် အင်အားငါးယောက်ခန့် ပေးရမည်ဟုဆိုကာ အင်အားစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
“ဒီဘက်မှာက ပျူစောထီးတွေက အစကတည်းကရှိတယ်။ မဘသ အုပ်စုတွေက ပျူစောထီးတွေပဲ။ အခုပြည်သူ့စစ်သင်တန်းတွေတက်ရတော့ အဲ့ဒီထဲကသင်တန်းတက်ဖို့ အဆင်သင့်ဖြစ်တဲ့သူတွေလည်းရှိတယ်။ ရှောင်ပြေးနေတဲ့သူတွေလည်းရှိတယ်။ ဝီရသူ လာတုန်းကဆိုလည်း သူပြန်သွားတာနဲ့အဓိကရုဏ်းတွေဖန်တီးခဲ့တာ။ ကုလား-ဗမာ အထိကရုဏ်းတွေ သူသွားပြီးတာနဲ့ နောက်ဆက်တွဲတွေကျန်ခဲ့တယ်” ဟု သာယာဝတီ ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာဒေသများတွင် ပြည်သူ့စစ်သင်တန်းများခေါ်ယူကာ လက်နက်တပ်ဆင်ပေးလေ့ရှိပြီး ယခုအခါပဲခူးတိုင်းအတွင်း စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး တပ်သားလိုအပ်ချက်များ ရှိနေသည့်အတွက် ယခုကဲ့သို့လက်နက်တပ်ဆင်ပွဲများ ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များက သုံးသပ်ပြောကြားသည်။
ဓာတ်ပုံ-ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ(ပုံဟောင်းကိုအသုံးပြုထားသည်။)
#ပဲခူးတိုင်းပြည်သူ့စစ် #လက်နက်တပ်ဆင် #စစ်ကောင်စီတပ် #ဦးဝီရသူ #မဘသပျူစောထီး #Ayeyarwaddy_Times