ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်

ဧရာဝတီတိုင်း ရေကြည်မြို့တွင် စမတ်ကတ် မှတ်ပုံတင် ပြုလုပ်ရန်အတွက်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅၀၀၀ တောင်းယူ၍ စာရင်းကောက်ခံမှုများ ရှိနေကြောင်း မြို့ခံများထံက သိရသည်။

ရေကြည်မြို့တွင်းရှိ ရပ်ကွက်နေရာအလိုက် ယခင်မှတ်ပုံတင်စက္ကူကဒ်မှ စမတ်ကဒ် အမျိုးအစား မှတ်ပုံတင်ပြုလုပ်ရန် အကြောင်းပြ၍ စက်တင်ဘာ ၁၈ ရက်နေ့မှ မှစကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စာရင်းကောက်ယူနေခြင်း ဖြစ်သည်။

” စမတ်ကဒ်လုပ်ဖို့ဆိုပြီး တအိမ်ထောင် ၅၀၀၀ ကျပ်ငွေကောက်သွားတယ်။ အရင်မှတ်ပုံတင်ကဒ်တွေ နေရာမှာ အစားထိုးဖို့ဆိုပြီး ပြောတာပဲ။ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေ လာပြီးစာရင်းကောက်သွားတယ်” ဟု အမှတ်(၂)ရပ်ကွက်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းသို့စမတ်ကဒ် ဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့်စက်တင်ဘာလ ၁၇ရက်နေ့က မြို့နယ်ထွေအုပ်နှင့်လဝက အဖွဲ့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ခဲ့ခြင်းဖြစ်၍ ငွေကြေးကောက်ခံမှုများမှာ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများမှ မိမိသဘောဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

“မြို့နယ်ထွေအုပ်နဲ့ လဝက အဖွဲ့တွေက အစည်းအဝေးခေါ်တယ်။ စမတ်ကဒ်လုပ်ဖို့ အသိပေးတာ။ ငွေကောက်တာတွေက အုပ်ကြီးတွေလုပ်နေတာမဟုတ်ဘူး။ ရာအိမ်မှူးနဲ့ ဆယ်အိမ်ခေါင်းတွေက ကိုယ့်သဘောကိုယ်လုပ်နေကြတာ။ စမတ်ကဒ်ပြောင်းဖို့အတွက် စာရင်းကောက်ရုံပဲ ခေါ်ခိုင်းတာပဲရှိတယ်” ဟု အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူကဆိုသည်။

ဧရာဝတီတိုင်းရှိ ငါးသိုင်းချောင်း၊ဓနုဖြူနှင့် ကြံခင်းမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇွန်လမှစ၍ စမတ်ကဒ်ပြုလုပ်ရန် အကြောင်းပြကာ ဇီဝဗေဒဆိုင်ရာ အချက်အလက်(Biometric Data) ကောက်ခံမှုများ ပြုလုပ်ထားကြောင်း သိသည်။

#ရေကြည်မြို့ #စမတ်မှတ်ပုံတင်ကဒ် #ပြုလုပ်ရန်ဟုဆိုကာ #ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ #တစ်အိမ်လျှင် #ငွေကျပ်၅၀၀၀ကောက်ခံ
#Ayeyarwaddy_Times