
ဧရာဝတီတိုင်းမ်
(ချင်း)၊ စက်တင်ဘာလ ၂၁ ရက်
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ရှိ ဘာသာရေးအဆောက်အုံများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပါအဝင် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်အထိ ဘာသာရေးအဆောက်အအုံစုစုပေါင်း ၉၅ လုံးပျက်စီးပြီဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။
ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် ကျောင်းများကို တိုက်ပွဲကြားတွင် မထိခိုက်ရန် နိုင်ငံတကာဥပဒေတွင် တားမြစ်ထားပြီး ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားပါက ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံနှင့် ကျောင်းများတွင် ဒေသခံပြည်သူများက အဓိကခိုလှုံကြသည်။
“ချင်းလူမျိုးတွေက ခရစ်ယာန်တွေဖြစ်တဲ့အခါမှာ ဘာသာရေးကို အဓိကအားကိုးရတာပေါ့လေ။ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းအပါအဝင် နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်လာတာဟာ အရပ်သားတွေကို တိုက်ရိုက်တိုက်ခိုက်တာနဲ့ အတူတူပဲဖြစ်တယ်။ အဲ့ဒီတိုက်ခိုက်မှုတွေက လုံးဝလက်ခံလို့ မရဘူး။ ဒီလိုတိုက်ခိုက်လာတဲ့အတွက် ဘုရားကျောင်းမတက်ရဲတာမျိုး၊ ဘာသာရေးအဆောက်အအုံမှာ မခိုလှုံရဲတာမျိုးအထိ ဖြစ်သွားပါတယ်”လို့ ချင်းလူ့အခွင့်အရေးအဖွဲ့၏ စီမံအရာရှိဆလိုင်းမန်ဟရဲလျန်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသည့်အခါ ဘာသာရေးအဆောက်အအုံများတွင် အဓိကတပ်စွဲ၍ အကာအကွယ်ယူကြပြီး တပ်စွဲပြီးအပြန်တွင် ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးခြင်းနှင့် မီးရှို့ခြင်းများပြုလုပ်ခဲ့သည်။
“ချင်းလူမျိုးတွေက ဘာသာရေးကို အထွတ်အမြတ်ထားတဲ့အခါမှာ ဘာသာရေးအဆောက်အုံမှာ နေရာယူတပ်စွဲမယ်ဆိုရင် ဒေသကာကွယ်ရေးတပ်တွေက လာရောက်တိုက်ခိုက်မှာမဟုတ်ဘူးဆိုတာ သိတယ်။ ပြီးရင်တော့ တပ်စွဲပြီးနောက်ပိုင်း ပြန်သွားရင် ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးပြီး မီးရှို့ထားခဲ့တာတွေ လုပ်တာပေါ့။ ဒါက တဖက်တလမ်းနဲ့ ဘာသာရေးကို မလေးစားတာ၊ စော်ကားရာရောက်တာပေါ့နော်”လို့ ဆလိုင်းမန်ဟရဲလျန်က ဆက်လက်ပြောဆိုသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ဘာသာရေးအဆောက်အအုံစုစုပေါင်း ၃၅ လုံး၊ ဟားခါးမြို့နယ်တွင် ၁၆ လုံး၊ ဖလမ်းမြို့နယ်တွင် ၁၃ လုံး၊ ကန်ပက်လက်မြို့နယ်တွင် ၉ လုံး၊ မင်းတပ်မြို့နယ်တွင် ၇ လုံး၊ မတူပီမြို့နယ်တွင် ၇ လုံး၊ တီးတိန်မြို့နယ်တွင် ၆ လုံးနှင့် တွန်းဇံမြို့နယ်တွင် ၂ လုံးဖျက်ဆီးခံထားရကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ၏ ပစ်မှတ်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘာသာရေးအဆောက်အအုံများ
#ချင်းပြည် #စစ်ကောင်စီ #ဘာသာရေးအဆောက်အအုံ #ပစ်မှတ်တိုက်ခိုက် #၉၅လုံးပျက်စီ
#Ayeyarwaddy_Times