ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်

ဧရာဝတီတိုင်း၊ညောင်တုန်းမြို့နယ် ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် ဧရာဝတီ-ရန်ကုန် ပြေးဆွဲနေသည့် ကုန်တင်ယာဥ်များကို စပါးနှင့် ဆန်မှောင်ခို သယ်ဆောင်ခြင်း ရှိမရှိ စစ်ဆေးမှုတင်းကြပ်လာကြောင်း ကုန်တင်ယာဥ်မောင်းများ ထံကသိရသည်။

ယင်းကဲ့သို့ စစ်ဆေးမှုများကို စက်တင်ဘာလ၁၈ရက်နေ့က စတင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းကုန်တင်ယာဥ်မောင်းများက ပြောသည်။

” ဆန်တွေစပါးတွေ မှောင်ခိုသယ်နေတာ ရှိမရှိစစ်နေတာနှစ်ရက်ရှိပြီ။ ခိုးသယ်တဲ့ကားကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ သိမ်းမယ်။ ကားသမားရော ကားပိုင်ရှင်ကိုပါ ဖမ်းမယ်ပေါ့။ ကုန်ကားတိုင်း အကုန်အစစ်ခံနေရတယ်” ဟု မြောင်းမြမြို့ခံ ကုန်တင်ယာဥ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်း ဆန်နှင့်စပါးများကို အခြားတိုင်းနှင့် ပြည်နယ်များသို့ မှောင်ခိုပို့ဆောင်ခြင်းရှိမရှိ စစ်ဆေးဆောင်ရွက်ရန် ကုန်သည်များအပေါ် တိုင်းစစ်ကောင်စီ က ပြီးခဲ့သည့်စက်တင်ဘာလ၁၅ ရက်နေ့တွင် စာပေးပို့၍ အသိပေးမှု ပြုလုပ်ခဲ့ကြောင်းလည်း ကုန်သည်များထံက သိရသည်။

” ၁၅ ရက်နေ့ကစာပို့လာတာ။ ဆန်နဲ့စပါးတွေကို အပြင်မှောင်ခိုရောင်းဝယ်မလုပ်ဖို့ မသယ်ဖို့အသိပေးတယ်။ တကယ်လို့လုပ်ဆောင်တာတွေ့ရင် ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အရေးယူမယ်။ ဒဏ်ငွေသိန်းရာချီဆောင်ရမယ်ပေါ့။ အခုအနေအထားက အရင်မဆလ ခေတ်ကိုပြန်ရောက်လာပြီ။ တောင်သူတွေရော ကုန်သည်တွေပါ အကျဥ်းအကြပ်ထဲ ရောက်အောင်လုပ်နေတာ” ဟု ညောင်တုန်းမြို့ခံ ဆန်စပါးကုန်သည်တစ်ဦးကဆိုသည်။

အလားတူဧရာဝတီတိုင်းအတွင်းမှ ပြင်ပနေရာများသို့ စပါးသယ်ဆောင်ရောင်းချရန် အတွက် ပြီးခဲ့သည့် စက်တင်ဘာလပထမအပတ်က စတင်ပြီး ခရိုင်နှင့်မြို့နယ် ထွေအုပ်ရုံးတွင် အချိန်တစ်ပတ်အတွင်း ကြိုတင်အကြောင်းကြားမှသာ သယ်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက အသိပေးထားသည်။

ထို့အပြင်ဧရာဝတီတိုင်းအတွင်း စပါးသယ်ဆောင်ခွင့်ကန့်သတ်မှုအပေါ် အကြောင်းပြ၍လက်ရှိ၌
နွေစပါးလက်ကျန် တင်းတစ်ရာလျှင် ၁၂သိန်း ကျပ်ဝန်းကျင်ဖြင့်ဆန်ကုန်သည် အချို့မှ စျေးနှိမ်ဝယ်ယူမှုများကိုလည်း ပြုလုပ်နေကြောင်း သိရသည်။

#ဧရာဝတီရန်ကုန် #ပြေးစွဲနေသည် #ကုန်တင်ယာဥ်
#စပါးနှင့်ဆန်မှောင်ခို #သယ်ဆောင်ခြင်းရှိမရှိ #ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် #စစ်ဆေးမှုတင်းကြပ်
#Ayeyarwaddy_Times