
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်
တစ်နိုင်ငံလုံ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောစာချုပ် (NCA) သည် စစ်ကောင်စီ အာဏာသိမ်းလိုက်ခြင်းကြောင့် ပျက်ပြယ်သွားပြီဖြစ်ပြီး အဆိုပါ စာချုပ်နှင့်ပတ်သတ်၍ အကျယ်တဝင့် ကြေညာချက်ထုတ်စရာမလိုတော့ကြောင်း ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ဖြေကြားသည်။
KNU တွင် တပ်မဟာ ခုနှစ်ခု ရှိသည့်အနက် ဘားအံခရိုင် တပ်မဟာ (၇) ဥက္ကဋ္ဌ ပဒို စောအောင်မော်ဧက KNU အနေဖြင့် NCA စာချုပ်ကို ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိသေးသည့်အပြင် နယ်မြေတည်ငြိမ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အခြေခံလျက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာလာနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
NCA စာချုပ်နှင့် ပတ်သက်၍ KNU ၏ သဘောထားကို “မီးစာကုန်ဆီခမ်းတဲ့ ဘဝကို ရောက်ပြီး ကောက်ရိုးတစ်မျှင်စာ အားကိုးလို့ရငြား သူတို့(စစ်ကောင်စီ)ကြိုးစားနေတာပဲ ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ ဘယ်လိုလုပ်လုပ် ထွက်ပေါက်ရှာလိုမရတော့ဘူး။ ဩဂုတ်လ ၁၀ ရက်နေ့က ကျွန်တော်တို့အထွေထွေ အတွင်းရေးမှူးကိုယ်တိုင်က တရားဝင် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထား တာရှိတယ်။ ဒီထက်ပိုပြီး ထပ်ပြောစရာ မရှိတော့ဘူး။ သဘောတူညီချက် တစ်ခုခုကို တစ်ဖွဲ့ဖွဲ့က ချိုးဖောက်လိုက်ပြီဆိုရင် ရှင်းနေပြီ” ဟု KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ကရင်အမျိုးသားမီဒီယာကို ပြောသည်။
စစ်ကောင်စီသည် ဘားအံခရိုင် တပ်မဟာ (၇) ဥက္ကဋ္ဌ ပဒို စောအောင်မော်ဧ ၏ NCA စာချုပ်အပေါ် အသိပေးဖော်ပြခြင်းအား ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများတွင် ပြန်လည်ဖော်ပြခဲ့ပြီး NCA (၈) နှစ်ပြည့်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုထားသည်။
ထိုသို့လုပ်ဆောင်ခြင်းသည် စစ်ကောင်စီအနေဖြင့် ဘက်ပေါင်းစုံတွင် အကျပ်အတည်းပေါင်းစုံကို ရင်ဆိုင်နေရပြီး ထွက်ပေါက်ရှာမရသောကြောင့် အကြပ်ရိုက်ပြီး ယခုကဲ့သို့ လုပ်မိလုပ်ရာ လုပ်ခြင်း ဖြစ်နိုင်ကြောင်း ပဒိုစောတောနီးက ပြောကြားသည်။
“အဲ့ဒါကို ကျွန်တော်တို့ ကြားနေရတယ်။ ကျွန်တော်တို့မြင်တာက အဲ့ဒီလို လုပ်ခြင်းအားဖြင့် ဒီနေ့ ဒီကာလမှာ သူတို့ ကြုံတွေ့နေရတဲ့ ဘက်ပေါင်းစုံက အကျပ်အတည်း ပေါင်းစုံကို သူတို့ ဘယ်လိုမှ ရုန်းထွက်လို့မရဘူး။ ထွက်ပေါက်လည်း ဘယ်လိုမှ ရှာမရတဲ့အခါကျတော့ အကြပ်ရိုက်ပြီး လုပ်မိ လုပ်ရာ လုပ်လာတယ်လို့ မြင်တယ်” ဟု KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ဆိုသည်။
ပုံစာ-KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီး
#NCAစာချုပ် #စစ်ကောင်စီချိုးဖောက် #ကြေညာချက်ထုတ်စရာမလို #KNUပြောကြား #Ayeyarwaddy_Times