ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ရှားခဲကျေးရွာနှင့် ကြိတ်တန်းကျေးရွာတွင် သုံးရက်တာအတွင်း ဒေသခံအမျိုးသား ရှစ်ဦးကို တော်လှန်ရေးအဖွဲ့များအား ထောက်ပို့သည်ဟု အကြောင်းပြ၍ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စက်တင်ဘာလ ၁၆ရက်နေ့ နေ့လည်က ရှားခဲကျေးရွာမှ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ဖွင့်လှစ်ထားသူအသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦးကို ထောက်ပို့ပြုလုပ်နေသည်ဟု အကြောင်းပြကာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများထံကသိရှိရသည်။

” PDF ထောက်ပို့လုပ်လို့ဆိုပြီး ဆိုင်ရှင်ကိုစစ်တပ်နဲ့ ရဲတွေလာဖမ်းသွားတယ်။ ဆိုင်ရှင်က သူ့ဘာသာ အေးဆေး စျေးရောင်းနေတဲ့သူပါ။ ဘာမကျေနပ်ချက် ရှိလို့လဲတော့မသိဘူး။ မဟုတ်တဲ့ သတင်းပေးလိုက်လို့ဖြစ်မယ်” ဟု မျက်မြင်တွေ့ရှိရသည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင်ဒေသခံလူငယ်အမျိုးသား ခြောက် ဦးကို စစ်ကောင်စီတပ်မှ ထပ်မံဖမ်းဆီးခဲ့ရာ လေးဦးဖမ်းဆီးခံခဲ့ရပြီး PCX အမျိုးအစား ဆိုင်ကယ်တစ်စီးကိုလည်း သိမ်းဆည်းခဲ့ကာ နှစ်ဦးမှာထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

အလားတူစက်တင်ဘာလ ၁၈ရက်နေ့ကလည်း ကြိတ်တန်းကျေးရွာတွင် အမျိုးသား သုံး ဦးကို စစ်ကောင်စီတပ်မှ ထပ်မံဖမ်းဆီးခဲ့ရာ ယနေ့အချိန်အထိ မည်သည့်နေရာ၌ ဖမ်းဆီးစစ်ဆေးနေသည်ကို မသိရှိရသေးကြောင်း ဖမ်းဆီးခံမိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။

” အခုထိဘယ်မှာ ဖမ်းခံထားရလဲဆိုတာ မသိရသေးဘူး။ ရဲစခန်းကို သွားစုံစမ်းတော့လည်း မသိဘူးပဲဖြေတယ်။ သတင်းမသိရတော့စိတ်ပူနေရတယ်။ ဆိုင်မှာလည်း မနေရဲတော့ အခုရှောင်နေရတယ်” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သည့်မိသားစုဝင်တစ်ဦးကဆိုသည်။

ဟင်္သာတမြို့နယ်တွင် ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်သည်ဟု အကြောင်းပြ၍ ဒေသခံ ၁၀ ဦးထက်မနည်း ကိုစစ်ကောင်စီတပ်မှ ဖမ်းဆီးကာ အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခဲ့ပြီး ငွေကျပ် ၁၀ သိန်းထက်မနည်း ပေးမှသာ ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဟင်္သာတ မြို့တွင်းရှိ စစ်ကောင်စီသတင်းပေးလုပ်ဆောင်သူ ၂၀ ဦးထက်မနည်းကို ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့က စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ)မှ ခေါ်ယူစစ်ဆေးကာ တစ်ဦးလျှင် လစဥ်အရက်တစ်ဝိုင်းနှင့်ငွေကျပ် သုံး သိန်းထက်မနည်း ငွေညစ်တောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#ဟင်္သာတမြို့ #ရှားခဲနှင့်ကြိတ်တန်းကျေးရွာ #၃ရက်အတွင်း #ဒေသခံအမျိုးသား၈ဦး
#PDFထောက်ပံ့ #အကြောင်းပြ #ဖမ်းဆီး
#Ayeyarwaddy_Times