နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အာဏာသိမ်း စစ်ကောင်စီက ထိန်းချုပ်လိုက်နိုင်သည့် လမ်းကြောင်းမျိုးနှင့် တရုတ်နိုင်ငံအစိုးရက တည်ငြိမ်စေချင်ပြီး ပိုးလမ်းမ စီမံကိန်းကိစ္စ အပါအဝင် အချက်သုံးချက်ကြောင့် မြန်မာပြည်ကို မကြာခဏ လာရောက်ခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုသည်။

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်က မြန်မာပြည်ကို လာရောက်ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အစိုးရအဖွဲ့ရုံး(၂)ဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့် နေပြည်တော်တွင် သီးခြားတွေ့ဆုံခဲ့သည်။

“တရုတ်အနေနဲ့ မြန်မာနိုင်ငံ ပြည်တွင်းရေးတွေကို အမြန်ဆုံး တည်ငြိမ်စေချင်တယ်။ သူ့ရည်ရွယ်ချက်က ပိုးလမ်းမစီမံကိန်းတွေကို အမြန်ဆုံး ပြန်အသက်သွင်းချင်နေတယ် ဆိုတာတော့ သေချာပါတယ်။ ပြောလည်း ပြောထားပါတယ်။ သူတို့ တည်ငြိမ်စေမယ့် လမ်းကြောင်းကတော့ မြန်မာပြည်သူတွေ လိုလားတဲ့လမ်းကြောင်းမျိုး၊ အနောက် နိုင်ငံတွေက ဖြစ်စေချင်တဲ့ ဒီမိုကရေစီအခြေခံ လမ်းကြောင်းမျိုးထက် စစ်ကောင်စီကနေ ထိန်းချုပ်လိုက်နိုင်ပြီး တည်ငြိမ်စေတဲ့ လမ်းကြောင်းမျိုးကို ပိုဖြစ်စေချင်ပုံရပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်နေရာကို အစား ဝင်လာသည့် မစ္စတာ တိန့်ရှီးကျွင်း၏ ယခုခရီးစဉ်သည် စစ်အာဏာသိမ်းပြီးနောက် လေးကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံရာတွင် နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန်အတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စအပါအဝင် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ဖော်ပြချက်အရ သိရသည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကိစ္စ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း အားထုတ်မှုများတွင် တရုတ်နိုင်ငံ၏ အပြုသဘောဖြင့် ဆက်လက်ကူညီ ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

“အထူးသဖြင့် နိုင်ငံချင်း နီးကပ်နေတာမို့လို့ သူတို့ရဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှု တွေအပေါ် မြန်မာနိုင်ငံရေး/အုပ်ချုပ်စီမံမှု ပုံစံတွေ ပြောင်းလဲသွားပြီး လူထုဩဇာ လွှမ်းမိုးလာဖို့ ကြိုးစားလာမှာ ပြည်တွင်းအုံကြွမှုတွေ ကူးစက်လာမှာ စိုးရိမ်ပုံ ရပါတယ်။ အဲ့ဒါကြောင့် မြန်မာ့ပြည်တွင်းရေးကို စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှုနဲ့ ပြေလည် အောင်လုပ်ဖို့ ကြိုးစားလိုတဲ့ သဘောရှိနေနိုင်တယ်လို့ မြင်မိပါတယ်” ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုသည်။

မစ္စတာ တိန့်ရှီးကျွင်းသည် စစ်ကောင်စီခန့် အစိုးရအဖွဲ့ရုံး(၂)ဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့် တွေ့ဆုံရာတွင်လည်း ရခိုင်ပြည်နယ်အတွင်းမှ နေ့ရပ်စွန့်ခွာ ထွက်ပြေးသူများ ပြန်လည် နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၈) နှစ်မြောက် အခမ်းအနားကျင်းပရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင် အထည်ဖော် ဆောင်ရွက်နေမှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေး ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

“တရုတ်က ခဏခဏသွားနေတာ အကြောင်းကတော့ သုံးချက်လောက် ရှိမယ်ထင်တယ်။ တစ်ခုကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လုပ်ဖို့ကိစ္စပေါ့။ နယ်စပ်က တိုင်းရင်းသားအဖွဲ့တွေ ဆီကိုလည်း သွားတယ်ကြားတယ်။ အဲဒီက စကားတွေ သယ်လာပြီးတော့ စစ်ကောင်စီနဲ့လာပြီး စေ့စပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တစ်ခုက နယ်စပ်ကျော်ပြီးတော့ အင်တာနက်ကနေ ငွေလိမ်တဲ့ဂိုဏ်းတွေ အဲဒါကို တရုတ်က အခုတစ်လော အကြီးအကျယ်ပြိုနေတာ ဖြစ်တယ်။ ဗမာပြည်တင်မဟုတ်ဘူး လာအိုတို့၊ ဗီယက်နမ်တို့မှာလည်း သူတို့လှုပ်ရှားနေတယ်။ အဲဒါတစ်ခု“ ဟု တရုတ်အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် တတိယတစ်ချက်အနေဖြင့် တရုတ်သမ္မ ရှီကျင့်ဖျင်၏ စီမံကိန်းဖြစ်သော ပိုးလမ်းမ စီမံကိန်းသည် ယခုနှစ် အောက်တိုဘာတွင် (၁၀)နှစ်ပြည့်ပြီဖြစ်၍ ညီလာခံ ပြုလုပ်သွားရန်ရှိသည်။ ယင်းစီမံကိန်းတွင် အောင်မြင်မှုရရှိနေသော တရုတ် အစိုးရသည် မြန်မာပြည်တွင် ၎င်းတို့ ရင်းနှီးမြှုပ်နှံထားမှုနှင့် ပတ်သက်၍ လာရောက် နေခြင်းမျိုးလည်း ဖြစ်နိုင်ခြေများကြောင်း ဒေါက်တာလှကျော်ဇောက ဆိုသည်။

မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး လာရောက်ပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်က တတိယအကြိမ် လာရောက်ခဲ့သော မစ္စတာ တိန့်ရှီးကျွင်းသည် ယင်းခရီးစဉ် အတွင်း စစ်ခေါင်းဆောင်အပြင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့် သီးခြားတွေ့ဆုံကာ မြန်မာ့နိုင်ငံရေး အခြေအနေ၊ စီးပွါးရေး စီမံကိန်းအရှိန်မြှင့် တည်ဆောက်ရေးအပါအဝင် နယ်စပ်ဒေသတစ်လျှောက် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများကို နှစ်နိုင်ငံ ပူးတွဲနှိမ်နင်းရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ

ပုံစာ – ဇူလိုင်လ ၂၈ ရက်က တတိယအကြိမ် လာရောက်ခဲ့သော မစ္စတာ တိန့်ရှီးကျွင်းနှင့် စစ်ခေါင်းဆောင် တွေ့ဆုံစဉ်။

#မြန်မာ့ပြည်တွင်းရေး #တည်ငြိမ်စေချင် #စစ်ကောင်စီထိန်းချုပ် #တရုတ်လိုလား #လေ့လာသူများ #Ayeyarwaddy_Times