ဧရာဝတီတ်ိုင်းမ်
အမ်း၊ စက်တင်ဘာလ ၂၁ ရက်

ရခိုင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ဒီလအတွင်း စစ်ဆေးရေးပိုမိုပြုလုပ်လာနေပြီး တချို့ဂိတ်တွေမှာ ဖမ်းဆီးမယ့်သူ ဓာတ်ပုံတွေပါ ရှိနေတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာ အမ်းမြို့မှာရှိတဲ့ ဂိတ်နဲ့ အငူမော်-မောင်တောလမ်းပိုင်းမှာရှိတဲ့ ဂိတ်တချို့လို့ဆိုပါတယ်။

” ကျနော်တို့ ရန်ကုန်ကနေ ရခိုင်ကိုပြန်လာကြတာ။ အဲ့ဒီမှာ အမ်းမြို့အနီးက ဂိတ်မှာ ကားရပ်ပြီး လူတွေဆင်းပြီးလမ်းလျှောက်ရတယ်။မှတ်ပုံတင်စစ်ဖို့ခေါ်တယ်။ သူတို့ဆီမှာ ဓာတ်ပုံတချို့ကိုင်ထားတာတွေ့တယ်။ အဲ့ဒီဓာတ်ပုံမှာ ပါတဲ့လူကိုရှာတာဖြစ်မယ် ကျနော်တို့စီးလာတဲ့ ကားပေါ်က လူနှစ်ယောက်ကို ဂိတ်ကဖမ်းထားလိုက်တယ်။” လို့ ရန်ကုန်မှ ရခိုင်သို့ ပြန်လာသူတစ်ဦးကပြောပါတယ်။

ရခိုင်မှာ ရန်ကုန်-စစ်တွေ လမ်းမှာရှိတဲ့ ကျောက်တန်းဂိတ် ၊ တပ်မဂိတ်နဲ့ အမ်းဂိတ်ဟာ စစ်ဆေးရေးအကြမ်းတမ်းဆုံးဖြစ်ပြီး ဓာတ်ပုံတွေကိုင်ဆောင်ပြီး ရုပ်တူသူတွေကိုဖမ်းတာလို့ ပြောပါတယ်။

” သူတို့က သူတို့ကိုင်ထားတဲ့ ဓာတ်ပုံတွေကိုကြည့်လိုက် လူကိုကြည့်လိုက် မှတ်ပုံတင်ကိုကြည့်လိုက်လုပ်ပြီး အဲ့ဒီလူနှစ်ကိုဖမ်းထားလိုက်တာ။ လွတ်ပေးလိုက်လားမပေးလားကျနော်လည်းမသိဘူး။ သူတို့နဲ့အတူစီးလာတဲ့ကျနော်တို့က ထွက်လာခဲ့တယ်။”လို့ အဆိုပါ ကားအတူစီးခဲ့ဖူးသူ တစ်ဦးကပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေမှာ အသက် ၄၀ခန့်တစ်ဦးနဲ့ ၄၅နှစ်ခန့် တစ်ဦးဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ဘူးလို့ ၎င်းကပြောပါတယ်။ ဒါ့အပြင် အငူမော်-မောင်တောလမ်းမှာရှိတဲ့ စစ်ကောင်စီဂိတ်တွေမှာ လမ်းသွားလမ်းလာတွေရဲ့ နာမည်နဲ့ စီးလာတဲ့ယာဥ်အမျိုးအမည် လိုင်စင်နံပါတ်တွေကို ရေးမှတ်စစ်ဆေးနေတာရှိပြီး စစ်ဆေးရေးဂိတ် ကျောဖက်နံရံတချို့တွေမှာ လူတချို့ရဲ့ဓာတ်ပုံတွေကပ်ထားတယ်လို့ ဆိုပါတယ်။

” စက်တင်ဘာ ၁၅ ရက်နေ့က ကျနော်ဆိုင်ကယ်နဲ့သွားတာ ကျနော့်နာမည်၊နေရပ် ၊ ဆိုင်ကယ်နံပါတ်တွေကို သူတို့ဂိတ်ကိုသွားပေးရတာ။ အဲ့ဒီအချိန်မှာ လူတချို့ဓာတ်ပုံတွေကို ကျောဖက်နံရံမှာကပ်ထားတာတွေ့ခဲ့တယ်။”လို့ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။

ရခိုင်မှာ စက်တင်ဘာလအတွင်း ရက္ခိုင်တပ်တော်နဲ့စစ်ကောင်စီတို့ အပြန်အလှန်ဖမ်းဆီးမှုတစ်ကြိမ်ရှိခဲ့ကြပြီးနောက် စစ်ကောင်စီဂိတ်တွေမှာ ယခုကဲ့သို့ တင်းတင်းကျပ်ကျပ်စစ်ဆေးလာနေတာလို့ ဆိုကြပါတယ်။

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)
#Ayeyarwaddy_Times