ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ) ၊စက်တင်ဘာလ ၂၁ ရက်

မြိတ်ခရိုင်၊ ပုလောမြို့နယ် ၊ မြဒေါင်ရွာ တိုက်ပွဲတွင် ပုလောမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများပြားကြောင်းသိရသည်။

စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်ခန့်သည် စက်တင်ဘာလ ၁၈ ရက် နံနက် ၈ နာရီခန့်က ပုလောမြို့နယ် ၊မြဒေါင်ရွာသို့ နှင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး နှစ်ဖက် ပစ်ခတ်မှု ၁ နာရီ ဝန်းကျင်ခန့် ကြာမြင့်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) ထံကသိရသည်။

ပုလောတိုက်ပွဲတွင် ကျဆုံးသွားသည့် ရဲဘော် ခုနစ် ဦးမှာ ရဲဘော်ရဲရင့်သွေး ၊ ရဲဘော်ဂျွိုင်း ၊ ရဲဘော်ရဲရင့်နိုင်၊ ရဲဘော်ဝဏ္ဏ၊ ရဲဘော်ပြောင်ပြောင်၊ ရဲဘော်နေဖြိုး နှင့် ရဲဘော် အောင်ကြီးမ တို့ဖြစ်ပြီး ဆယ်ကျော်သက်အရွယ်လူငယ်များ ဖြစ်ကြောင်းသိရသည်။

“အဲဒီနေ့ဖြစ်စဥ်က ကျွန်တော်တို့ အဖွဲ့တည်ရှိတဲ့ နေရာကို စစ်ကောင်စီသတင်းပေးတွေက လမ်းပြပေးခဲ့တာ။ အဲဒီအချိန်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်။ စစ်ကောင်စီဘက်က ကြည်းတပ်ရော ရေတပ်ရော နှစ်ဖက် ညှပ်ပြီးပစ်တော့ ဘယ်လိုမှ တောင့်ခံမနိုင်ပဲဖြစ်သွားတယ်။ ကျည်လည်းကုန်သွားတယ်။ အဲဒီအချိန်မှာ ရဲဘော်တွေ ပိတ်မိကုန်ပြီး အခုလို အကျအဆုံးများသွားခဲ့တာ” ဟု မြိတ်ခရိုင် တပ်ရင်း(၁) မှ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုး ကဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဝါဒဖြန့် မီဒီယာများတွင် ပုလော PDF ၁၄ ဦး ကျဆုံးဟု ဖော်ပြထားခဲ့ပြီး အမှန်တကယ်ကျဆုံးခဲ့သည်မှာ ခုနစ် ဦး ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးထံက သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ပုလော မြို့နယ် လက္ကူးကျေးရွာ မှ နေအိမ် ၁၂ လုံး၊ ပြင်းဖြူ ရွာမှ နေအိမ် ၃ လုံး ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံရွာသား လေး ဦးကို အကြောင်းမဲ့သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံ က သိရသည်။

“အခုတော့ ကျွန်တော်တို့ ပုံ မှန်အတိုင်း ပြန်ထိန်းချုပ်ထားပါတယ်။ စစ်ကြောင်း ထပ်ထိုးဖို့ ရှိတယ်လို့လည်း သတင်းတွေကြားနေရတယ်။ အကောင်းဆုံးတော့ပြင်ဆင်ထားတယ်” ဟု မြိတ်ခရိုင်တပ်ရင်း(၁)ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး စီးနင်းမှုကြောင်း ကျဆုံးခဲ့ရသည့် ရဲဘော်များ၏ စာရင်းနှင့် ပျက်စီးဆုံးရှုံးမှုများကိုလည်း မြိတ်ခရိုင် တပ်ရင်း (၁) လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြပေးသွားမည် ဖြစ်ကြောင်း ကိုအာနိုးထံက သိရသည်။

ပုလောမြို့နယ်အတွင်း ယခု ရက်ပိုင်းဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ် ရေး တပ်တို့အကြား စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။

ပုံစာ-ပုလော တိုက်ပွဲ တွင် ကျဆုံးသွားသော ရဲဘော် ၇ ဦး

#ပုလောမြို့ #မြဒေါင်ရွာတိုက်ပွဲ #ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် #၇ဦးကျဆုံး #Ayeyarwaddy_Times