ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်

စစ်ကောင်စီက တရားမဝင်ကုန်သွယ်မှုကျဆင်းစေရန် လုပ်ဆောင်နေရာတွင် ကုန်ပစ္စည်းများ ကိုအလုံပိတ်ယာဉ် များဖြင့်သယ်ဆောင်စေပြီး စောင့်ကြည့်စစ်ဆေးသည့် (E–Lock) စနစ်အသုံးပြုကာ စစ်ဆေးပြီး ထိုသို့စစ်ဆေးပြီးပါက ဖွင့်ဖောက်စစ်ဆေးမည် မဟုတ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံက သိရသည်။

ကုန်ပစ္စည်းသယ်ဆောင်လာသည့် အလုံပိတ်ယာဉ် (ကွန်တိန်နာ-container ၊ ဘောက် ထရပ်-Box Truck) စသည်တို့တွင် E – lock စနစ်စစ်ဆေးမှုကို ကနဦး လုပ်ဆောင် ချက်အဖြစ် ရန်ကုန်သီလဝါမှ မြဝတီမြို့သို့ (အသွား၊ အပြန်) ကုန်စည်ပို့ဆောင် သည့်နေရာမှ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ်ကို အသုံးပြုခြင်းကြောင့် တရားမဝင်ကုန်သွယ်မှုကို တားဆီးထိန်းချုပ် နိုင်ခြင်း၊ အခွန်အခမှန်ကန်စွာရခြင်း ၊ လမ်းတစ်လျှောက်ရှိစစ်ဆေးရေး ဂိတ်များတွင် ဖွင့်ဖောက်စစ်ဆေးခြင်း မရှိခြင်းကြောင့် အချိန်ကုန်သက်သာခြင်းများရှိကြောင်း သိရ သည်။

ယင်းပြင် ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုများကို အချိန်နှင့်တပြေးညီစောင့်ကြည့်နိုင်ခြင်း၊ လမ်းကြောင်းပြန်ကြည့်နိုင်ခြင်း၊ ကုန်သွယ်လမ်းကြောင်းမြန်ခြင်း ကုန်တင်ယာဉ်ရောက် ရှိမည့်နေရာကိုအချိန်နှင့်တပြေးညီ သိရပြီး ကုန်ကျစရိတ်သက်သာမည် ဖြစ်ကြောင်း သိရသည်။

အလုံပိတ်ယာဉ်များကို စောင့်ကြည့်စစ်ဆေးသည့် (E–Lock) စနစ်ကို ရန်ကုန် – မြဝတီ (အသွား၊အပြန်)၊ ရန်ကုန် – မန္တလေး (အသွား၊အပြန်)၊ မန္တလေး – မူဆယ် (အသွား၊အပြန်) ကုန်စည်ပို့ဆောင်ရေးတွင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့လုပ်ဆောင်ခြင်းသည် မကြာမီအကောင်အထည်ဖော်ဆောင်ရွက်မည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွင်း နိုင်ငံဖြတ်ကျော်၍ ကုန်စည်များဖြတ်သန်း သယ်ဆောင်မှု လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်နိုင် မည်ဖြစ်ကြောင်းသိရသည်။

ကုန်စည်ပို့ဆောင်ရေးနှင့်ပတ်သက်၍ လမ်းခရီးတွင်ရှိသောဂိတ်များတွင် မလိုလား အပ်သည့် ကုန်ကျစရိတ်များ မရှိစေရေး၊ ကုန်သွယ်ရေးစခန်း၊ စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးဂိတ်များတွင် လာဘ်ပေး လာဘ်ယူမှုမရှိစေရေးအတွက် လုပ်ဆောင်ရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ကုန်စည်ပို့ဆောင်ရေး #အလုံပိတ်ယာဉ်များ #Elockစနစ် #အသုံးပြုစစ်ဆေး #Ayeyarwaddy_Times