ဧရာဝတီတိုင်းမ်
(ချင်း)၊ စက်တင်ဘာလ ၂၀ ရက်

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ တပ်ဖွဲ့ဝင်ဆလိုင်းရမ်းငိုင်(၂၈)နှစ်သည် အစာအိမ်ရောဂါကြောင့် မီဇိုးရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ လောင်တလိုင်မြို့တွင် ဆေးကုသမှုခံယူရင်း ယမန်နေ့၊ စက်တင်ဘာ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်းသိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ တပ်ဖွဲ့ဝင် ဆလိုင်းရမ်းငိုင်သည် တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ထမ်းဆောင်စဉ် အစာအိမ်ရောဂါကြောင့် မီဇိုးရမ်ပြည်နယ်တွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ မိသားစုများနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

“မြေပြင်မှာ ကျန်းမာရေးဝမ်ထမ်းတချို့တော့ ရှိပါတယ်။ ဒါပေမယ့် ဒဏ်ရာကြီးကြီးကျယ်ကျယ်ရတဲ့ ရဲဘော်တွေကို ကုသပေးဖို့ ဆေးဝါးတွေနဲ့ ကျန်းမာရေးအသုံးအဆောင်တွေ လုံလုံလောက်လောက်မရှိဘူး။ ရိုးရိုးဖျားနာတာတွေလောက်ပဲ ကုသပေးလို့ ရတယ်။ အစာအိမ်၊ အူအတက်နဲ့ အခြားခွဲစိတ်ရမယ့် ရောဂါဒဏ်ရာတွေနဲ့ ပတ်သက်လာရင် မီဇိုးရမ်ပြည်နယ်ဘက်ကိုပဲ ပင်ပင်ပန်းပန်းသွားရောက် ကုသကြရတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

အလားတူ မီဇိုးရမ်ပြည်နယ်တွင် ဆေးဝါးကုသနေစဥ် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)တပ်ဖွဲ့ဝင်တချို့လည်း ယမန်နှစ်က ကွယ်လွန်ခဲ့ဖူးသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)အနေဖြင့် မြေပြင်တွင် ဒဏ်ရာရတပ်ဖွဲ့ဝင်များနှင့် ဒေသခံများကို ဆေးဝါးကုသနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာဆင့်ပွားသင်တန်းများကို စေလွှတ်သင်ကြားစေခြင်းနှင့် မြေပြင်တွင် သင်တန်းပို့ချခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

“မိုင်းမတော်တဆကြောင့်ပဲ ဖြစ်ဖြစ်၊ တိုက်ပွဲကြောင့်ပဲ ဖြစ်ဖြစ် ရဲဘော်တချို့ ပြင်းပြင်းထန်ထန်ဒဏ်ရာရလာပြီဆိုရင် ဆင့်ပွားသင်တန်းတက်တဲ့ ရဲဘော်တွေက မထိရဲ၊ မကိုင်ရဲကြဘူး။ အနာတွေကို ကိုင်တွယ်ဖို့ ကြောက်တာလည်း ပါတယ်။ အဓိကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ မရှိသေးတာပါ”ဟု ဒဏ်ရာရရှိသော ရဲဘော်များကို ဆေးကုသပေးနေသည့် CDM ဆရာမတစ်ဦးက ပြောသည်။

မြေပြင်တွင် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များ၊ ဆေးဝါးလိုအပ်ချက်များကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)အနေဖြင့် မြေပြင်တိုက်ပွဲကြောင့် ဒဏ်ရာရရှိသော တပ်ဖွဲ့ဝင်များနှင့် မိုင်းမတော်တဆတို့ကြောင့် ဒဏ်ရာရရှိသော တပ်ဖွဲ့ဝင်များကို မီဇီုးရမ်ပြည်နယ်တွင် သွားရောက်ကုသရန် သယ်ဆောင်နေစဉ် လမ်းခုလတ်တွင် ကွယ်လွန်သွားသည့် တပ်ဖွဲ့ဝင်များ ငါးဦးထက်မနည်းရှိနေပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ဆလိုင်းရမ်းငိုင်

#ချင်းပြည်နယ် #မီဇိုးရမ်ပြည်နယ် #ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) #တပ်ဖွဲ့ဝင်တစ်ဦး #အစာအိမ်ရောဂါ #ကုသရင်းကွယ်လွန်