
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်
ဖမ်းဆီးစစ်ဆေးခံနေရသော စစ်ခေါင်းဆောင်၏ လူယုံ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ နေရာတွင် ဒုတိယဝန်ကြီးချုပ် ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အစားထိုးခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက်နေ့ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်သည်။
စစ်ကောင်စီသည် ဒေါ်လာရောင်းဝယ်ရေးကို ချုပ်ကိုင်ထားသော နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေး ကော်မတီကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီတွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဥက္ကဋ္ဌဖြစ်လာပြီး စစ်ကောင်စီ ဝန်ကြီး ဦးအောင်နိုင်ဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ ကျန်ဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာပွင့်ဆန်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော် နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း တို့က အဖွဲ့ဝင်များ အဖြစ်ပါဝင်ခဲ့ကြသည်။
ထို့နောက် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက ယင်းကော်မတီကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရာတွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက ကော်မတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရှိနေပြီး ဝန်ကြီး ဦးအောင်နိုင်ဦးသည်လည်း အတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ယူကာ စစ်ခေါင်းဆောင်၏ အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စု စာရင်းစစ်ချုပ်မှ ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသည့် ဒေါက်တာကံဇော်၊ ဗဟိုဘဏ် ဥက္ကဋ္ဌဖြစ်လာသူ ဒေါ်သန်းသန်းဆွေ တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့သည်။
စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့ရက်စွဲဖြင့် ပြန်လည် ပြင်ဆင်ဖွဲ့စည်းသည့် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေး ကော်မတီတွင် ယခင်က ကော်မတီ၏ အတွင်းရေးမှူးရာထူး နေရာကို ရယူထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်ဦးကို အဖွဲ့ဝင်အဖြစ် ပြောင်းလဲခဲ့သည်။
ယခင်က နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင် အဖြစ်ရှိခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်ကို အတွင်း ရေးမှူး ရာထူးဖြင့် ပြောင်းလဲခန့်အပ်ခဲ့သည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သည့် အဆိုပါကော်မတီတွင် စစ်ခေါင်းဆောင်အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို ဇူလိုင်လအတွင်းက အဖွဲ့ဝင်အဖြစ် ထပ်မံဖြည့်စွက်ပြီးနောက် အပြောင်းအလဲများ ထပ်မံ ပြုလုပ်လာ ခြင်းဖြစ်သည်။
ပုံစာ – ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ၊ ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦး
#နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ #ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း #ဖယ်ရှားခံရ #Ayeyarwaddy_Times