ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၁ ရက်

တော်လှန်ရေးတပ်ဖွဲ့မျာ ခုခံတော်လှန်စစ် အားကောင်းလာသည်နှင့်အမျှ အာဏာသိမ်း စစ်ကောင်စီတပ်မှနေ၍ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့ဝင် အရေအတွက် ပိုမိုများပြားလာခဲ့ပြီး ယခုလစက်တင်ဘာလနှင့် ဩဂုတ်လအတွင်း CDM ပြုလုပ်သူဦးရေ ၆၀ ဝန်းကျင်ရှိကြောင်း ပြည်သူ့ရင်ခွင်ထံက သိရသည်။

မြန်မာနိုင်ငံတဝန်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းများ၊ ရဲတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များသည် နေ့စဉ်နှင့်အမျှ CDM ပြုလုပ်မှုများရှိနေပြီး အများစုမှာ ရှေ့တန်းထွက်ရန် နှင့် လမ်းတံတားလုံခြုံရေးအတွက် တာဝန်ကျချိန်များတွင် CDM ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

” တစ်နိုင်ငံလုံးဆိုတော့ CDM လုပ်တာများတဲ့ ဒေသရယ်လိုတော့မရှိဘူး။ ဘယ်လိုသူ တွေတောင်ပါလဲဆိုရင် ကမ္ဘာလှည့်ရဲတွေ တောင်ပါတယ်။ သူတို့တွေဆို ဘာမှ မလုပ်ရဘူးလေ။ CDM လုပ်တဲ့သူအများစုက ရှေ့တန်းကနေတစ်ဆင့် လုပ်ကြတာ များတယ်။ရှေ့ တန်းထွက်ရမယ်ဆိုပြေးပြီ။ ရှေ့တန်းထွက်ရပြီဆိုတာနဲ့ ရှေ့တန်း မရောက်ခင် ကြားထဲမှာ လာဖို့ဆက်သွယ်ကြတာပေါ့။ နောက်ပြီး လမ်းစစ်ဆေးရေး ဂိတ်တွေတာဝန်ကျရင်ထွက်ပြေးကြတာများတယ်။ ကျုံအိတ်တံတားမှာ တာဝန်ကျပြီး ထွက်ပြေးလာကြတဲ့သူတွေအများကြီးပဲ” ဟု ပြည်သူ့ရင်ခွင်အဖွဲ့အစည်းမှ ဝာာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စီဒီအမ်ပြုလုပ်လာကြသည့် တပ်သားများမှာ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ကျိုက်ထိုအခြေစိုက် တပ်မ(၄၄) စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများမှ ၆ ဦးအထိပါဝင်နေပြီး ခမရ-၁၁၈ တပ်ရင်း၊ ခလရ-၃၂ တပ်ရင်း စသည့်တပ်ရင်းများအပြင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်မှ (BGF) တပ်သားအချို့လည်း CDM ပြုလုပ်ကာ ခိုလှုံခြင်းများရှိကြောင်း သိရသည်။

“လက်ခတ်တောင်တိုက်ပွဲပြင်းထန် နေတုန်းကဆို CDM ဝင်လာတဲ့သူ သုံးယောက် ရှိတယ်။ BGFတပ်ဖွဲ့ဝင်တစ်ယောက်လည်း ပါတယ်။ အခုကောက်ယူရထားတဲ့ CDM အရေအတွက် စာရင်းတွေက ကျွန်တော်တို့နဲ့အဆက်အသွယ်ရှိတဲ့အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ မြေပြင်တပ်ရင်းတွေကို ခိုဝင်လာတဲ့သူတွေပါတယ်။ တခြားအဆက် အသွယ်မရှိတဲ့ နေရာကို CDM ဝင်လာတာလည်းရှိနိုင်ပါတယ်” ဟု ပြည်သူ့ရင်ခွင်မှ တာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကို ဆက်လက်ပြောကြားသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာကာလအတွင်း CDM ပြုလုပ်လာသူ ရဲနှင့်တပ်သားအရေအတွက် စုစုပေါင်း ၁၄၀၀၀ ကျော်ရှိပြီဖြစ်ကာ ယခုအခါ တွင် နေ့စဉ် CDM ပြုလုပ်မှုများရှိနေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့အစည်းထံက သိရသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၆ ရက်နေ့ကလည်း ဝေါ်လေအခြေစိုက် ခမရ-၅၅၆ တပ်ရင်းမှ အသက်(၂၀)အရွယ် တပ်သားကိုကိုနိုင်နှင့် တပ်သားအိုက်လျှန်းတို့နှစ်ဦး လက်နက်ခဲယမ်း များနှင့်တကွ CDM ပြုလုပ်ကာ KNLA၊ တပ်မဟာ(၆)အတွင်းသို့ လာရောက်ပူး ပေါင်းခဲ့သည်။

ပုံစာ – စီဒီအမ်ပြုလုပ်လာသူအချို့

ဓာတ်ပုံ-ကရင်အမျိုးသားအစည်းအရုံး

#စစ်ကောင်စီတပ်သား #ရဲ #စီဒီအမ် #CDM #တပ်မ၄၄ #Ayeyarwaddy_Times