
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာဘ ၂၀ ရက်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ထံသို့ စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် နှစ် ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ စက်တင်ဘာလ ၆ ရက်နေ့က အလင်းဝင်ရောက်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦးသည် ကရင်ပြည်နယ် ဝေါ်လေစခန်းအခြေစိုက် တပ်မ (၄၄) လက်အောက်ခံ ခမရ-၅၅၆ ကဖြစ်ပြီး သေနတ် နှစ်လက် ကျည်ဘောက်စ်လေးခုနှင့် ကျည်ဆံ ၂၃၉ တောင့်ကို ယူဆောင်လာ ကြောင်းသိရသည်။
“အလင်းဝင်လာတဲ့အထဲမှာ စနိုက်ဘာသေနတ် တစ်လက်နဲ့ CDM ဝင်ရောက် လာတာရှိတယ်။ စစ်ကောင်စီဘက်က ဝါဒဖြန့်နေတာကတော့ သူတို့ စစ်တပ်မှာ အခုလို အမေရိကန်ထုတ် စနိုက်ဘာသေနတ်ကို အသုံးပြုခြင်းမရှိဘူး ဆိုပြီးပြောနေတာရှိတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရုရှားထုတ်လက်နက်၊ ကပစ (ကာကွယ်ရေး ပစ္စည်းစက်ရုံ) ကထုတ်တဲ့ လက်နက်တွေအပြင် အခြားနိုင်ငံက လက်နက်တွေကိုပါ ဝယ်ယူသုံးစွဲနေတာတွေရှိတယ်” ဟု ပြည်သူ့ရင်ခွင်က CDM ဗိုလ်ကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂ ဦးအား KNU တပ်ရင်းမှ ထိုင်းဘက်ငွေ ၅၀,၀၀၀ စီ ထောက်ပံပေးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထံကသိရသည်။
ပုံစာ-KNLA တပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦး
#စစ်ကောင်စီတပ်သားနှစ်ဦး #လက်နက်ခဲယမ်းများ #တော်လှန်ရေးတပ်ဖွဲ့ #အလင်းဝင်ရောက် #Ayeyarwaddy_Times