ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊စက်တင်ဘာလ ၂၀ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဗျာရွာ နှင့် အင်းဇောက်ရွာ ကြားလမ်းပိုင်းတစ်နေရာတွင် စစ်ထောက်လှမ်းရေး(စရဖ) ဗိုလ်ကြီး နှင့် အဖွဲ့ လိုက်ပါသောကားကို ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့က ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Dawei Defense Team DDT တပ်ဖွဲ့ထံက သိရသည်။

ထားဝယ်မှ လောင်းလုံးဖက်သို့ ဆင်းလာသော စစ်ထောက်လှမ်းရေး (စရဖ) ဗိုလ်ကြီး နှင့် တပ်သား လေး ဦး လိုက်ပါလာသည် အိမ်စီးကားအဖြူကို ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က အသင့်စောင့်ကြို၍ ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ (စစ်ကောင်စီဗိုလ်ကြီး)အဖွဲ့ ဆင်းလာနေပြီဆိုတာ သတင်းလှမ်းရတယ်။ ဒါကြောင့် လမ်းမှာကြိုတင် သွားစောင့်ပြီးမှ အဲဒီကားကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ပစ်ခတ်ခံရတဲ့ စစ်ထောက်လှမ်းရေးနဲ့ အဖွဲ့ကားကတော့ လုံးဝမနားဘူး။ အရှိန်နဲ့ မောင်းပြေးသွားတယ်”ဟု DDT တပ်ခွဲ (၃) မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်း ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုအခြေအနေကို အတည်ပြုနိုင်ရန်အတွက် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း DDT တပ်ခွဲ (၃) တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ လောင်းလုံးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိကာ လမ်းတွင် သွားလာနေသည့် ခရီးသွား ပြည်သူများကို တပ်ကျပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Dawei Defense Team DDT တပ်ခွဲ (၃) နှင့် Guerrilla Dawei -ထားဝယ် မြို့ပြ ပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-DDTတပ်ခွဲ (၃)

#လောင်းလုံး #စစ်ထောက်လှမ်းရေးဗိုလ်ကြီးနှင့်အဖွဲ့ #PDFပူးပေါင်းတပ် #ကြားဖြတ်တိုက်ခိုက် #Ayeyarwaddy_Times