
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၂၀ ရက်
စစ်ခေါင်းဆောင်၏ လူယုံ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဖမ်းဆီးစစ်ဆေးနေစဉ် ၎င်း တာ၀န်ယူထားသည့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှား၍ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးညွန့်အောင်ကိုပါ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ အရောင်းအ၀ယ်နှင့်ပတ်သက်၍ မသမာမှုပြုလုပ်ခြင်း၊ ပို့ကုန် သွင်းကုန် ကိစ္စများနှင့် ပတ်သက်၍ လာဘ်ယူခြင်းစသည့် အချက်များနှင့် ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခံနေရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ နိုင်ငံခြားသုံး ငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနေရာကို ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အစားထိုးပြီး ပြောင်းလဲခန့်အပ်ကြောင်း စက်တင်ဘာ ၁၈ ရက်နေ့ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
“သူရဲ့အဆောင်အယောင်တွေနဲ့ကားတွေကို သိမ်း ဆည်းလိုက်တယ်လို့ ကြားတယ်။ သူနဲ့ပတ်သက်တဲ့သူတွေကိုလည်း ခေါ်ယူစစ်ဆေးတာတွေလုပ်နေတယ်” ဟု စစ်ကောင်စီ တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဖမ်းဆီးစစ်ဆေးခံရ ပြီးနောက် ၎င်းနှင့် ပတ်သက် ဆက်နွယ်နေသည့် စီးပွား ရေးနှင့်ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနက ဒု၀န်ကြီး ဦးညွန့်အောင်အပြင် ယင်းဌာနက ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး ၅ ဦးတို့ကို စစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက စက်တင်ဘာ ၇ ရက်နေ့တွင် ကုန်သွယ်ရေးတာ၀န်ခံဖြစ်သူ ဗိုလ်ချုပ် ရန်နောင်စိုးအပါအ၀င် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိနှင့် စီးပွားရေးလုပ် ငန်းရှင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဆက်စပ်နေသူများကို ဆက်လက် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
#စစ်ကောင်စီ #ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း #နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ #ရာထူးမှဖယ်ရှား #စီးပွားကူးသန်းဒု၀န်ကြီးဦးညွန့်အောင် #ဖမ်းဆီးခံရ #Ayeyarwaddy_Times