နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၀ ရက်

မိုးကုတ်၊ မူဆယ်နှင့် ကွတ်ခိုင်မြို့တို့တွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး ယမန့်နေ့ စက်တင်ဘာ ၁၉ ရက်နေ့ တစ်ရက် အတွင်း တိုက်ပွဲ (၇) ကြိမ်ဖြစ်ပွါးကာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၍ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်-TNLA ထံက သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်နှင့် TNLA တပ်တို့သည် စက်တင်ဘာလ ၁၉ ရက် တစ်နေ့တွင်း မူဆယ်မြို့နယ်၊ ဆိုင်ခေါင်ရွာအနီးတွင် (၁)ကြိမ်၊ ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းရွာအနီးတွင် (၁)ကြိမ်၊ မိုးကုတ်မြို့နယ်၊ အောက်ညောင်ကုန်းရွာအနီးတွင် (၂)ကြိမ်၊ အောက်ညောင်ကုန်းနှင့် အထက်ညောင်ကုန်းရွာအကြားတွင် (၁)ကြိမ်၊ အထက် ညောင်ကုန်းနှင့် ကုန်းစံအကြားတွင် (၁)ကြိမ်၊ ဖြူရောင်ရွာအနီးတွင် (၁)ကြိမ် စုစုပေါင်း တိုက်ပွဲ (၇)ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

မိုးကုတ်မြို့နယ်၊ TNLA တပ်ရှိရာ အောက်ညောင်ကုန်းရွာအနီးသို့ စစ်ကောင်စီတပ် တပ်မ(၄၄)/ ခမရ – ၁၀၂၊ ၁၀၄၊ လပခ/ခလရ – ၈၈ မှ ယမန်နေ့ နံနက် ၉ နာရီခန့်တွင်လည်းကောင်း၊ အထက်ညောင်ကုန်းရွာနှင့် ကုန်းစံရွာအကြားသို့ စစ်ကောင် စီတပ် လပခ/ ခလရ – ၈၈ မှ နေ့လယ် ၁ နာရီခန့်တွင်လည်းကောင်း ထိုးစစ် ဆင်လာမှုများကြောင့် TNLA နှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် TNLA တပ်သည် ဖြူရောင်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်း၊ အောက်ညောင် ကုန်းရွာအနီးရှိ စစ်ကောင်စီတပ်စခန်း၊ အထက်ညောင်ကုန်းနှင့် ကုန်းစံရွာအကြားရှိ စစ်ကောင်စီတပ်စခန်းတို့ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

“နှစ်ဖက်ထိခိုက်မှုမှာ ကျွန်တော်တို့တော့ ထိခိုက်မှု မရှိဘူး။ စစ်ကောင်စီဘက်ကတော့ ၁၇ ရက်နေ့ တိုက်ပွဲမှာတော့ တိုက်ပွဲဖြစ်တဲ့နေရာကို ကျွန်တော်တို့ သွားရှင်းလင်းတဲ့အခါ အလောင်းနှစ်လောင်းနဲ့ လက်နက်ကြီးတစ်လက်တော့ သိမ်းဆည်းရမိတာရှိတယ်။ ဒီနေ့(စက်တင်ဘာ ၁၉ ရက်)မှာတော့ လက်ရှိ(ညနေပိုင်းအထိ) အခြေအနေအထိ သတင်းတက်လာတာ မရှိသေးဘူး” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းရွာအနီး နေရာခြေကုက်ရယူနိုင်ရန် စစ်ကောင်စီတပ် နှင့်ပြည်သူ့စစ် ပူးပေါင်းတပ်တို့သည် အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာနေသဖြင့် အဆိုပါကျေးရွာအနီးတွင် TNLA တပ်နှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မူဆယ်မြို့နယ်၊ ဆိုင်ခေါင်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းအား TNLA တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း(၄၇၈)နှင့် အထူးကွန်မန်ဒိုတပ်ဖွဲ့မှ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်၊ တစ်နေ့အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ခုနစ် နေရာအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ ၎င်းတို့ထံမှ သေနတ် ငါး လက်၊ ပစ္စတို နှစ်လက်၊ လက်ထောက် တစ်လက်၊ စက်လက် တစ်လက်၊ ၆၀-မမ ငါးလုံး၊ ဗုံးသီးခြောက်လုံးအပြင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို TNLA က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းနောက် စစ်ကောင်စီတပ်သည် လွယ်ကျယ်လော့တပ်စခန်း၊ ၁၀၅ မိုင်တပ်စခန်းနှင့် နမ့်ဖက်ကာ (၁၂၃)တပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် မန်ကန်ရွာ၊ နာထန်ရွာ၊ နမ့်ကတ်ရွာအနီးသို့ လက်နက်ကြီးဖြင့် (၁၁၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုများရှိခဲ့သလို နေအိမ်ထိခိုက် ပျက်စီးမှုများရှိခဲ့သည်။ မိုးကုတ် မြို့နယ် တိုက်ပွဲအတွင်း အနီးအနားရှိကျေးရွာမှဒေသခံ ၄၀၀ ကျော်နှင့် မူဆယ်မြို့နယ်တွင် အိမ်ထောင်စု ၁၃၁ စုမှ လူဦးရေ ၃၄၀ ကျော်တို့ ဒုက္ခသည်အဖြစ် စစ်ဘေး တိမ်းရှောင် နေရကြောင်း သိရသည်။

မူဆယ်နှင့် မိုးကုတ်မြို့တို့တွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် စက်တင်ဘာလ ၁၇ ရက်မှ စတင်၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီတပ်နှင့် TNLA တို့အကြား ဇူလိုင်လ ၂၃ ရက်မှ စက်တင်ဘာလ ၁၉ ရက်အထိ တိုက်ပွဲစုစုပေါင်း (၅၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ဓာတ်ပုံ – TNLA

#မိုးကုတ်မူဆယ်ကွတ်ခိုင်တိုက်ပွဲ #စစ်ကောင်စီတပ် #ထိခိုက်သေဆုံးမှုများပြား #လက်နက်ခဲယမ်းများ #သိမ်းဆည်းရမိ #TNLA #Ayeyarwaddy_Times