ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၀ ရက်

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ငွေလဲကောင်တာ ၁၀၀ကျော်ကို လိုင်စင်ပိတ်သိမ်းခဲ့၍ နိုင်ငံခြားငွေကြေး မှောင်ခို ဈေးကွက်ကြီးလာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံက သိရ သည်။

ဗဟိုဘဏ် အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေလိုက်နာမှုမရှိဟု အကြောင်းပြချက်ဖြင့် နိုင်ငံခြားငွေဝယ်ယူ ရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရကုမ္ပဏီ ၁၂၃ ခုကို လိုင်စင်ရုတ်သိမ်းလိုက်ကြောင်း ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့ ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်သည်။

“MC (ငွေလဲကောင်တာ) တွေပိတ်လိုက်တော့ မှောင်ခိုဈေးကွက်ပိုကြီးမှာပေါ့။ နိုင်ငံခြားငွေ အရောင်း အဝယ်မရ အောင်လုပ်တာပဲ။ အခု MC တွေကလည်း သိတဲ့ လူလောက်ပဲ ရောင်းတာနဲ့ ဗဟိုဘဏ်ဈေးအတိုင်းပဲဝယ်တာနဲ့ရှိတော့တာ။ မှောင်ခို ဈေးကွက်နဲ့ ဟွန်ဒီက ပိုများလာမယ်။ ဒီကြားထဲ ဖမ်းနေတာလည်းရှိတော့ မှောင်ခိုဈေးပဲ ဖြစ်တော့မယ်” ဟု ဟိုတယ်နှင့်ခရီးသွားရေးလုပ်ကိုင်သူ လုပ်ငန်းရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ လိုင်စင်ပိတ်သိမ်းခံရသည့် ကုမ္ပဏီအများစုတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပါဝင်ကာ ဟိုတယ်လုပ်ငန်းစု Amata International ၊ Sedona Hotels၊ နှစ်နှစ်ဆယ်ကျော် သက်တမ်းရှိခရီးသွားလုပ်ငန်း Columbus Travels and Tour အပါအဝင် ဦးကိုကိုထွေးပိုင်ဆိုင်သော Taw Win Family Construction တို့ပါဝင်သည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၀၃ သန်းကျော်ကို ပြည်တွင်းဘဏ်များမှတဆင့် ဒေါ်လာဝယ်ယူသူများ ထံရောင်းချ ထားကြောင်း ဗဟိုဘဏ်ကြေညာ ချက်များအရသိရသည်။

စစ်ကောင်စီသည် ပြည်တွင်းတွင် နိုင်ငံခြားသားခရီးသည်များ ဝင်ရောက်လာစေရန် ကြိုးစားနေပြီး တစ်ဖက်တွင်လည်း ခရီးသွားလုပ်ငန်းနှင့်တွဲပါနေသည့် နိုင်ငံခြား ငွေကြေးလုပ်ငန်းများကို ပိတ်သိမ်းလျက်ရှိသည်။

ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲ လှယ်ခွင့်လိုင်စင် ပိတ်သိမ်းခံရသည့် ကုမ္ပဏီပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ငွေလဲကောင်တာ၁၀၀ကျော် #အပိတ်ခံရ #စစ်ကောင်စီဗဟိုဘဏ် #မှောင်ခိုဈေးကွက်ကြီးနိုင် #Ayeyarwaddy_Times