နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ၂၀ ရက်

ဧရာဝတီတိုင်းအတွင်း မြို့နယ်များရှိ ရဲတပ်ဖွဲဝင်များသည် ရခိုင်ပြည်နယ်စပ် နှင့် တိုက်ပွဲများ ဖြစ်ပွားရာ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်များသို့ ခေတ္တယာယီတာဝန်ဖြင့် ပို့ဆောင်ခံနေရပြီး ၂ နှစ်ကျော်ကြာသည်အထိ ပြန်လည် ပြောင်းရွှေ့ခွင့်ပေးခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့်နီးစပ်သည့် အသိုင်းဝိုင်းထံက သိရသည်။

စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းများသည် ရခိုင်ပြည်နယ်စပ်ရှိ ရဲတပ်ရင်းများနှင့် တိုက်ပွဲဖြစ်ပွားရာနေရာများရှိ ရဲတပ်ရင်းများတွင် ခေတ္တယာယီ တာဝန်ဖြင့် ၁ နှစ်မှ ၂နှစ်အထိသာ တာဝန်ထမ်းဆောင်ရမည်ဖြစ်သော်လည်း အာဏာသိမ်း စစ်ကောင်စီက အဆိုပါနေရာများတွင် နှစ်အကန့်အသက်မရှိ တာဝန်ထမ်းဆောင်ရန် စေလွှတ်နေကြောင်း သိရသည်။

“ရခိုင်နယ်စပ် ဘူးသီးတောင်မောင်းတောဒေသ၊ ကျောက်ဖြူ၊ သံတွဲ နဲ့ တိုက်ပွဲဖစ်နေတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့အတူ စစ်ဆင်ရေးတာဝန်တွေ ပေးအပ်ခံနေရတယ်။ အပြစ်မဲ့ ပြည်သူတွေကိုပါ ဖမ်းဆီးသတ်ဖျက်တာတွေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး တာတွေကိုပါလုပ်နေရတယ်” ဟု ဧရာ၀တီတိုင်းမှပြောင်းရွှေ့ခံထား ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်ရဲစခန်းများမှ နေ၍ နယ်စပ်ဒေသအသီးသီးသို့ ပြောင်းရွှေ့ ခံထားရသည့်ရဲတပ်ဖွဲ့ဝင်သည် နယ်စပ် ဒေသများကို ပြောင်းရွှေ့ခြင်းမပြုလို၍ ထွက်ပြေးတိမ်းရှောင်နေသည်မှာ ၂၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

ထို့အပြင် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်သို့ ပြောင်းရွှေ့သွားသည့် ရဲတပ်ဖွဲ့ဝင် အရာရှိအဆင့်နှင့် အခြားအဆင့် အများအပြားလည်းရှိကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့်အသိုင်းဝိုင်းကသိရသည်။

“အခုကမလုပ်ချင်လည်း လုပ်နေရတယ်။ ဟိုးအရင်ရဲက ရဲအလုပ်ပဲလုပ်ရတာ။ အခုကဗျာ စစ်ယူနီဖောင်းဝတ် စစ်သား အယောင်ဆောင်ပြီး စစ်ပါဝိုင်းတိုက်ပေးနေရတာ။ တာဝန်ပေးထားတာလည်း ၂ နှစ်ဆိုပြီး အခု ၃ နှစ်ပြည့်တော့မယ်။ မိသားစုတွေကလည်း အနောက်မှာ ကျန်နေခဲ့တော့ ထွက်ပြေးလို့ကလည်းမရဘူး။ CDM လုပ်ရအောင် ဆိုတာကလည်း ပြောသလောက် မလွယ်ဘူး။ ကျွန်တော်နဲ့အတူ အပြောင်းအရွှေ့ပါ တဲ့သူတွေက လမ်းမှာတင်ထွက်ပြေးကြတာ။ ကျွန်တော်ကတော့ ဘာမှနားမလည်တော့ စစ်တပ်ကလုပ်သမျှခံနေရတယ်။ အသေကြပ် အနေကြပ်ဖြစ်နေပြီ” ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်က ဆိုသည်။

ပုံစာ-ရဲတပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်

#ဧရာဝတီတိုင်း #ရဲတပ်ဖွဲ့ဝင်များ #နယ်စပ်ဒေသပြောင်းရွှေ့ခံရ #၂နှစ်ကျော်သည်အထိ #ပြောင်းရွှေ့ခွင့်မရ #Ayeyarwaddy_Times