
ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရှဲနတ်တောင်အနီးတွင် ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့က စစ်သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ပြီး အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါ လာသူများ ရာနှင့်ချီ၍ ပျောက်ဆုံးနေကြောင်း ဒေသခံများထံက သိရ သည်။
အဆိုပါ စစ်သင်္ဘောသည် ယမန်နေ့ နံနက် ၁၁ နာရီ၀န်း ကျင်က တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး သင်္ဘောပေါ်တွင် မင်းကင်းမြို့နယ် တောင်ဖြူပန်းဆက်ပျူရွာမှ ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစု၀င်များ၊ Non- CDM ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်ပါဝင်ကြောင်း သိရသည်။
“စစ်သင်္ဘောက ပျူတွေနဲ့ သူတို့ဘက်တော်သားတွေကို တင်ပြီး ဘယ်ကို သွားမယ်ဆိုတာတော့ မသိဘူး။ ပန်းဆက်ရွာက အထွက်မှာ အငူနဲ့တိုက်မိပြီး မှောက်တာ။ တစ်စီးလုံးမှာမှ နှစ်ယောက်ပဲလွတ်တယ်။ အကုန်ရေ နစ်သေတာ” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်သင်္ဘော တိမ်းမှောက်မှုကြောင့် ရာနှင့်ချီ၍ ပျောက်ဆုံးကာ လက်ရှိတွင် သင်္ဘောပေါ် တွင် လိုက်ပါလာသူ ခြောက်ဦး၏ အလောင်းကိုသာ ပြန်လည်ရှာတွေ့ ထားပြီး အသက်ရှင်လျက် နှစ် ဦးသာလွတ်မြောက်ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ စစ်သင်္ဘောသည် ခန္တီးဘက်မှ ကျောက်စိမ်းများတင်ဆောင်လာသည့် စစ် သင်္ဘောဖြစ်ပြီး စစ်ကောင်စီတပ်မှ ညွှန်မှူးတစ်ဦး၊ စစ်ကောင်စီတပ်ဖွဲ့၀င်ငါးဦး နှင့် ပျူစောထီးအဖွဲ့ဝင်များ ဦးဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်ထိ နစ်မြုပ်သွားသည့် စစ်သင်္ဘောကိုပြန် လည်ဆယ်ယူနိုင်ခြင်း မရှိသေးဘဲ ယင်းသင်္ဘောသည် ပန်းဆက်ပျူရွာ မရောက်ခင်တွင် မင်းကင်းမြို့နယ်ရှိ တောင်ဖြူရွာ နှင့် ယားကျေးရွာတို့ကို မီးရှို့၍ ထွက်လာသည့် စစ်သင်္ဘောဖြစ်ကြောင်း သိရသည်။
ဒေသခံများမှာ အနားသို့ ကပ်ခွင့်မရ၍ ရရှိသည့် အချက်အလက်များကိုသာ ဖော်ပြပေးခြင်းဖြစ်ပြီး အဆိုသင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက် အလက်များ သိရှိနိုင်ရန် ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်း လျက်ရှိသည်။
ပုံစာ-ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် စစ်သင်္ဘော(ပုံဟောင်း)
#စစ်ကိုင်းတိုင်း #ချင်းတွင်းမြစ် #စစ်သင်္ဘောတိမ်းမှောက် #မင်းကင်း #တောင်ဖြူပန်းဆက် #ပျူစောထီးတစ်ရာကျော်ပါဝင် #Ayeyarwaddy_Times