
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၀ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှ လွန်ခဲ့သည့် တစ်လခန့်ကပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့သော ရိုဟင်ဂျာလူမျိုး ၃၀၀ ကျော်ကို စစ်ကောင်စီက
စက်တင်ဘာလ ၁၈ ရက်နေ့က နေရပ်ကိုပြန်လည်ပို့ဆောင်လိုက်ကြောင်း အကျဥ်းဦးစီးဌာနနှင့်နီးစပ်သူများထံမှသိရှိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က ပုသိမ်ကျဥ်းထောင်မှ အကျဥ်းသား ၅၀၀ ဦးအား လွှတ်ငြိမ်းခွင့်ပေးခဲ့ရာတွင် ရိုဟင်ဂျာလူမျိုး ၃၇၀ ပါ၀င်ပြီး ယခုတစ်လကျော်အချိန်မှ နေရပ်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
“အသစ်လွှတ်ပေးတာမဟုတ်ဘူး၊ သြဂုတ်လက လွတ်ငြိမ်းထဲပါတဲ့ သူတွေပါ။ ကုန်ကား ၆ စီးမှာအမျိုးသား ၄ စီး၊ အမျိုးသမီး၂ စီး လုံခြုံရေးက ၂ စီး စစ်ကောင်စီတပ်၊ ရဲနဲ့ လ၀က ပါမယ်။
သူတို့ကို ပုသိမ်ထောင်ကနေ ရခိုင်ပြည်နယ်ဘူးသီးတောင်ဘက်ကိုပြန်ပို့တာ”ဟု အကျဥ်းဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ယခုနေရပ်ပြန်ပို့သော ရိုဟင်ဂျာများသည်ဧရာဝတီတိုင်းအတွင်းကို နယ်မြေဖြတ်ကျော် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရပြီး စစ်ကောင်စီ၏ သက်ဆိုင်ရာ တရားရုံးများမှ လဝက မှတ်ပုံတင်ဥပဒေပုဒ်မ ၆၃ နှင့် ထောင်ဒဏ် ၅ နှစ်မှ ၂ နှစ်အထိချမှတ်ခံရသူများဖြစ်ကြောင်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရသိရှိရသည်။
ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာများသည် သာပေါင်း၊ လပွတ္တာ၊ ကြံခင်းမြို့နယ်များတွင် အသီးသီးဖမ်းဆီးခံရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများမှ မလေးရှားနိုင်ငံကိုသွားမည်ဟုဆိုကာ မြန်မာနိုင်ငံသား ပွဲစားတွေကခေါ်ဆောင်လာခံရသူတွေအများစုဖြစ်ကြောင်းသိရှိရသည်။
#ပုသိမ်အကျဥ်းထောင် #ရိုဟင်ဂျာ #နေရပ်ပြန်ပို့ #စစ်ကောင်စီတပ် #Ayeyarwaddy_Times