ဧရာဝတီတိုင်းမ်
(မွန်)၊ စက်တင်ဘာလ ၂၀ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်-ရန်ကုန် လမ်းမကြီးတစ်လျှောက်ရှိ စစ်ကောင်စီတပ် စစ်ဆေး‌ရေး ဂိတ်စခန်းများတွင် ဒရုန်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုများ မကြာခဏ ဖြစ်ပွားနေ၍ စစ်ကောင်စီတပ်သား အင်အားအများ အပြားဖြင့် လုံခြုံရေး တင်းကျပ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

မော်လမြိုင်-ရန်ကုန် အ‌ဝေးပြေးလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေး ဂိတ်စခန်း အများစုသည် ဒရုန်းဖြင့် မကြာခဏတိုက်ခိုက်ခံရမှုကြောင့် jammer (ရေဒီယိုလှိုင်းနှောက်စက်)များ တပ်ဆင်ထားသည်။ ထို့ပြင် ဂိတ်စခန်းရှိဘန်ကာများ၊ ကတုတ်များကို ဒရုန်းဗုံးသီးဒဏ်ကိုကာကွယ်နိုင်ရန် ကွန်ကရစ်ဘန်ကာများ အသစ် ဆောက်လုပ်ခြင်း၊ သဲအိတ်အထူများဖြင့်ကာရံခြင်း၊ စခန်းတဲခေါင်မိုးများပေါ်တွင် ဝါးကပ်များဖြင့် အထပ်ထပ်ကာရံခြင်းများပြုလုပ်ထားကြောင်း သိရသည်။

“အခု စစ်ကောင်စီတပ်က သူတို့ရဲ့ ကတုတ်ကို ဘယ်လိုဆောက်ထားလဲ ဆိုတော့ ဒရုန်းဗုံးသီးတွေကျတဲ့ဒဏ်ခံနိုင်အောင် ကွန်ကရစ်အထူတွေ၊ သဲအိတ်အထူတွေ၊ ဘိလပ် မြေအိတ်အထူကြီးတွေလုပ်ထားတယ်။ အခိုင်အမာကိုဆောက်ထားတယ်။ တပ်စခန်း တွေနဲ့ တပ်ရင်းတွေအားလုံးမှာ jammer သုံးထားတယ်။ ယာဉ်တန်းတွေမှာပါ ဒရုန်းဂျန်မာ သုံးတာမျိုးရှိတယ်” ဟု သထုံခရိုင် PDF တာဝန်ခံကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ် ကိုပြောသည်။

မွန်ပြည်နယ်တွင် ယခုကာလအတွင်း စစ်ကောင်စီက စစ်အင်အားတိုးချထား‌ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံကသိရပြီး မော်လမြိုင်-ရန်ကုန်လမ်း တစ်‌လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းတစ်ခုလျှင် လက်နက်အပြည့်အစုံဖြင့် စစ်သား၊ ရဲတပ်သားအင်အား ၁၀ ဦးမှ ၂၀ ဦးဝန်းကျင်ချထားကာ စစ်ဆေးမှုများတင်းကျပ်စွာ ပြုလုပ်နေကြောင်း ခရီးသွားများထံက သိရသည်။

“စစ်အင်အားကတော့ အနည်းနဲ့အများ တိုးလာလာလိုက် လျော့သွားလိုက်တော့ရှိတယ်။ အဓိကကတော့ မြို့တွေမှာရှိတဲ့ တပ်ရင်းတွေ၊ ကင်းစခန်း‌တွေမှာ ခြေကုပ်ယူဖို့များတယ်။ စစ်ဆေးနေတာတွေကလုပ်နေတာပဲ။ အဓိကကတော့ ပြည်သူတွေရဲ့ခရီးသွားလာမှုကို နှောင့်နှေးသွားတာရယ်၊ ကြန့်ကြာသွားတာရယ်ကလွဲပြီး ထူးထူးခြားခြားဖြစ်သွားတာ မရှိဘူး ” ဟု သထုံခရိုင် PDF တာဝန်ခံကိုအေးမင်းထွန်းက ဆိုသည်။

ကျိုက်ထိုနှင့်ဘီလင်းမြို့နယ်များတွင် အခြေစိုက်ကာလှုပ်ရှားမှုများပြုလုပ်နေသည့် Kyaikhto Revolution Force(KRF) အဖွဲ့သည် နှစ်နှစ်အတွင်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၆၀ ကျော်သေဆုံးခဲ့ပြီဖြစ်ကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – စစ်ကောင်စီစစ်ဆေးရဂိတ်တစ်ခု(ပုံအဟောင်းကို အသုံးပြုထားသည်။)

#မွန်ပြည်နယ်စစ်ဆေးရေးဂိတ် #ဘန်ကာ #အင်အားတိုး #ဒရုန်းဗုံးသီးကာကွယ် #စစ်ကောင်စီ #Ayeyarwaddy_Times