ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၉ ရက်
မြန်မာနိုင်ငံကို လေကြောင်းခရီးစဉ်ဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံသို့ လာရောက်ပါက ချက်ခြင်း ပြည်ဝင်ခွင့်ပြုမည့် ဆိုက်ရောက် ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
တရုတ်နှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများ အတွက် ဆိုက်ရောက်ဗီဇာ ( Tourist Visa On Arrival) ကို ဩဂုတ်လ ၃၀ နေ့မှစတင်ထုတ်ပေးမည်ဖြစ်ပြီး စမ်းသပ်ကာလ ၁ နှစ်ဖြင့် စတင်ရန် သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ ဆိုက်ရောက်ဗီဇာကြေးကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀ ကောက်ယူပြီး နေထိုင်ခွင့် ရက်ပေါင်း ၃၀ ရရှိမည်ဖြစ်ကာ နေခွင့်အတွက် ထပ်မံ၍ သက်တမ်းတိုးမြှင့် လျှောက်ထားခွင့်မပြုဟု ဆိုထားသည်။
တရုတ်နှင့် အိန္ဒိယနိုင်ငံသားများသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်လာပါက ဆိုက်ရောက်ဗီဇာ လျှောက်လွှာရယူပြီး ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် အလည် အပတ်ဝင်ရောက်ခြင်းအတွက်သာ ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် မြန်မာနိုင်ငံအတွင်း လုံခြုံရေး အရတားမြစ်ကန့်သတ်ထားသော နယ်မြေမှအပ နိုင်ငံခြားသားများ သွားလာခွင့်ရှိသည့်နေရာကို လွတ်လပ်စွာသွားလာနိုင်မည်ဖြစ်ကြောင်း ဆိုထားသည်။
၂၀၂၂ – ၂၀၂၃ တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် သုံးသိန်း(၃၀၀,၀၀၀) ကျော် ဝင်ရောက်ပြီး လေးသောင်း(၄၀,၀၀၀)ကျော်မှာ တရုတ်နိုင်ငံသားခရီးသွား များဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာနထံက သိရသည်။
မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခများပြင်းထန်နေပြီး စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများပြုလုပ်နေခြင်းကြောင့် နိုင်ငံတကာမှ လာရောက်သည့် ကမ္ဘာ့လှည့် ခရီးသည်များ သွားလာရေးအတွက် ဘေးကင်း လုံခြုံပြီး အာမခံချက် အပြည့်အ၀ရမည် မဟုတ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် များထံက သိရသည်။
ထို့အတူ မြန်မာနိုင်ငံ၏ လုံခြုံရေးသည် စိုးရိမ်စရာဖြစ်ပြီး တိုက်ခိုက်မှုများရှိသဖြင့် ဗြိတိနိုင်ငံသားများ မြန်မာနိုင်ငံတွင် ခရီးသွားလာခြင်းမပြုရန် ဗြိတိန်နိုင်ငံခြားရေးဌာနက အသိပေး ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်ကောင်စီ #တရုတ်အိန္ဒိယနိုင်ငံသားများ #မြန်မာနိုင်ငံ #ဆိုက်ရောက်ဗီဇာပေးမည် #Ayeyarwaddy_Times