
ဧရာတတီတိုင်းမ်
စက်တင်ဘာလ ၁၉ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် နှစ်ပတ်တာအတွင်း စစ်ကောင်စီတပ်နှင့် ရဲအဖွဲ့မှ လုံခြုံရေးအခြေအနေအကြောင်းပြကာ ညစဥ်ဧည့်စာရင်းစစ်ဆေးမှုအကြိမ်၄၀ နီးပါးအထိရှိသော်လည်း မြို့တွင် ဖြစ်ပွားသည့် ခိုးမှုနှင့် လုယက်မှုများကို မဖော်ထုတ်နိုင်ကြောင်း မြို့ခံများထံကသိရသည်။
မြောင်းမြမြို့တွင်း ရပ်ကွက် (၁၆)ခုကို ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်နေ့မှစကာ လုံခြုံရေးအကြောင်းပြ၍ ဧည့်စာရင်းစစ်ဆေးမှုများကို ပြုလုပ်နေခြင်း ဖြစ်သည်။
” လုံခြုံရေးအကြောင်းပြပြီး ညတိုင်းဧည့်စာရင်းစစ်နေတာ။ ခရိုင်ထွေအုပ်ကနေ အစည်းအဝေးခေါ်ပြီးခိုင်းတာပေါ့။ PDF တွေမြောင်းမြမြို့ထဲမှာ ဗုံးဖောက်မယ်ဆိုပြီး သတင်းကြားလို့လုပ်ခိုင်းတာပြောတယ်။ ဘာအကြောင်းလဲဆိုတာတော့ သေချာအသိမပေးထားဘူး” ဟု အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းကဲ့သို့ ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း မြို့တွင်း၌ ခိုးဆိုးလုယက်မှုများ မှာပိုမိုဖြစ်ပွားနေဆဲဖြစ်ပြီး ပြစ်မှုကျူးလွန်သူများအပေါ် လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသည့်အပြင်ငွေကျပ် တစ်သိန်းမှ ငါးသိန်းကြား ပေးအပ်မှသာ အမှုဖွင့်ဆောင်ရွက်မှုရှိနေကြောင်းလည်း မြို့ခံများထံကသိရသည်။
” ဧည့်စာရင်းစစ်တာတွေပိုလုပ်လာလည်း ဆိုင်ကယ်တွေကတော့ အခိုးခံနေရတာပါပဲ ။တကယ်ကနယ်ပြောင်းရမှာ ကြောက်လို့ ဧည့်စာရင်းစစ်ပြနေတာ။ တကယ်တမ်းအမှုဖြစ်လို့ ရဲစခန်းသွားတိုင်ရင် ပိုက်ဆံပေးမှပဲ အမှုဖွင့်ပေးတယ်။ ဖမ်းမိလားဆိုတော့တခါမှကိုမမိပါဘူး” ဟု အမှတ် ဒေသခံ အမျိုးသမီး တစ်ဦးကဆိုသည်။
မြောင်းမြမြို့တွင်း၌ ပြီးခဲ့သည့် သြဂုတ်လမှ စက်တင်ဘာလ ဒုတိယအပတ်အထိ အချိန်တစ်လခွဲကျော်အတွင်း ခိုးမှုနှင့်လယက်မှု စုစုပေါင်း ၃၀ မှုထက်မနည်း ဖြစ်ပွားခဲ့ကြောင်း မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်များထံက သိရသည်။
#မြောင်းမြ #နှစ်ပတ်အတွင်း #ဧည့်စာရင်း #စစ်ဆေးမှုအကြိမ်၄၀ခန့်ပြုလခိုး#ခိုးမှုနှင့်လုယက်မှုများ #ဖမ်းဆီးနိုင်ခြင်းမရှိ #Ayeyarwaddy_Times