ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၉ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ ကျေးရွာများကို စစ်ကောင်စီက ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် ညွန်ကြားထားသည့် စာရင်းအတိုင်း သင်တန်းပေးရန်လာရောက်ခေါ်ဆောင်ရာတွင် လိုက်မည့်သူမရှိသောကြောင့် နေ့စားဌားပြီး တစ်ရက်ဟန်ပြသင်တန်းပေးခဲ့ကြောင်း ဒေသခံများထံမှသိရှိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က ငရုတ်ကောင်းမြို့ ရှိကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများထံမှပြည်သူ့စစ်သင်တန်းတက်ရန် စာရင်းကောက်ယူထားသော ၃၂ ဦးကို ပုသိမ်မြို့ ၂၇၁ တပ်တွင် သင်တန်းပေးရန်လာခေါ်စဥ်မှာ တိမ်းရှောင်နေကြသောကြောင့် ၁၀ ဦးသာရရှိခဲ့ကြောင်း သိရှိရသည်။

” ဟိုတစ်ခါ သာပေါင်းကပြည့်သူစစ်တွေကို PDF ကဖမ်းတယ်သတင်းကြားထဲက ဘယ်သူ့မှမတက်ခြင်ကြတော့ဘူး။ ကြောက်ကုန်တာ လာခေါ်တော့ ရှောင်နေကြတာ၊ အုပ်ကြီးတွေ အတင်းလိုက်ရှာလို့ ၁၀ ဦးလောက်တော့ပါသွားတယ်။ အုပ်ကြီးတွေကိုလည်းစစ်ဗိုလ်ကကြိမ်းမောင်းသွားတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လာရောက်ခေါ်ဆောင်သည့် စစ်ကောင်စီတပ်သားများက သတ်မှတ်လူဦးရေမပြည့်သောကြောင့် ငပုတောမြို့တွင် စစ်တပ်ထောက်ခံသူများ အကူအညီနှင့် နေ့စားခပေးပြီး တစ်ရက်စာလိုက်လံဌားရမ်းခဲ့ကြောင်း ဒေသခံများကပြောသည်။

” အစည်းအဝေးပဲတက်ရမယ်၊ သူတို့သတင်းပေး တွေက လိုက်ရှာပေးတာ ပိုက်ဆံ ၅၀၀၀ နဲ့ ဒံပေါက်ပေးမယ်ဆိုပြီး လိုက်ခေါ်နေတာတွေ့တယ်”ဟု ငပုတောမြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လိုက်ပါလာသောသူများကို ပုသိမ်မြိုရှိ စစ်ကောင်စီ ၏ ၂၇၁ တပ်တွင် စစ်၀တ်စုံများ၀တ်ဆင်ပေးပြီး နေ့သစ်၀က်ခန့် သင်တန်းပေးကာ ဓါတ်ပုံများရိုက်ယူ
ပြီးနောက် ညနေပိုင်းမှ ငပုတောမြို့ကို ပြန်လည်ပို့ဆောင်ပေး​ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများကပြောသည်။

ဧရာ၀တီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့များအင်အားနည်းလာသောကြောင့် ရဲသတင်းပေးများကို ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းခဲ့ပြီးကင်းလှည့်ခိုင်းခြင်း၊ဧည့်စာရင်းစစ်ရာတွင်ပါ၀င်ခိုင်းခြင်းများပြုလုပ်နေပြီးလက်ရှိ ကျေးရွာအုပ်စုများကို ရွာလုံခြုံရေးအမည်ခံ ပြည်သူ့စစ်အနေနဲ့ထပ်မံဖွဲ့စည်းရန်ပြင်ဆင်နေတာဖြစ်နိုင်ကြောင်းဒေသခံများကသုံးသပ်ကြသည်။

#ငရုတ်ကောင်းမြို့ #ပြည်သူ့စစ် #နေ့စားခ #စစ်ကောင်စီတပ် #Ayeyarwaddy_Times