
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
အာဏာသိမ်း စစ်ကောင်စီသည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို သင်ခန်းစာယူ၍ သံဃာတော်များကို စည်းရုံးပြင်ဆင်ခဲ့သလို စစ်အာဏာရှင်အဆက်ဆက်ကို သပိတ် မှောက်ထားသည့် ဗုဒ္ဓဘာသာ သံဃာတော်များ၏ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုသည်လည်း အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့ကြောင်း ရွှေဝါရောင် ဆရာတော်များက မိန့်ကြား ပြောဆိုသည်။
သိန်းသောင်းချီသည့် သံဃာတော်များ မြန်မာနိုင်ငံအနှံ့အပြားတွင် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက ပြည်သူလူထုအတွက် လမ်းပေါ်ထွက်ကာ စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြမှုသည် ယနေ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်တွင် ၁၆ နှစ်ပြည့်ခဲ့ပြီဖြစ်၍ ယခုအခါတွင်လည်း သံဃာတော်များအနေဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို ဆက်လက်ဖော်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
စစ်အာဏာရှင်များသည် ၂၀၀၇ ရွှေဝါရောင် အခြေအနေကို ကောင်းကောင်း သိရှိခဲ့ပြီး သံဃာတော်များ ထိုကဲ့သို့ စည်းလုံးညီညွတ်စွာဖြင့် ၎င်းတို့ကို သပိတ်မှောက်ခြင်း၊ တော်လှန်ခြင်းများအပေါ် နောင်တစ်ချိန်တွင် အာဏာသိမ်းခဲ့ပါက သံဃာထုမပါဝင်အောင် မည်သို့လုပ်ဆောင်သွားမည်ကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။
“သူတို့(စစ်အာဏာရှင်)က ၂၀၀၇ ရွှေဝါရောင်ကို သင်ခန်းစာယူထားတယ်။ သူတို့စည်းရုံး လို့ရတဲ့ သံဃာတော်တွေနဲ့ သဲခြေကြိုက်ဖြစ်တဲ့ ကိုယ့်ဘာသာကို စောင့်ရှောက်တယ် ဟေ့ဆိုတဲ့ ပုံစံမျိုးနဲ့ သံဃာတော်တွေ တောင်းဆိုတာတွေကို မျိုးစောင့်ဥပဒေတို့လို အရာမျိုးနဲ့ အကြိုက်တွေ ထိုးကျွေးပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်တာ။ ပိုက်ဆံကိုလည်း လိုသလောက်ပေါ့။ စည်းရုံးရေးမှူး သံဃာတော်တွေဆိုရင် ဘယ်လောက် ယူမလဲ သိန်း ငါးရာ၊ ခုနစ်ရာ၊ တစ်ထောင် စသဖြင့် အကုန်လုံးထိုးပေးပြီး သူတို့က ဒါကြီးကို ကြိုတင်ဖွဲ့ပြီးတော့ ပြင်ဆင်လိုက်တယ်” ဟု ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က ဧရာဝတီတိုင်းမ်ကို မိန့်သည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းကို ၁၉၉၀ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ်၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် သပိတ်မှောက်ထားကြောင်း သိရသည်။
“ပတ္တနိက္ကုဇ္ဇန ကံဆောင်ထားမှုဟာ အပြည့်အဝကြီး မအောင်မြင်ပေမယ့် အတိုင်း အတာတစ်ခုအထိတော့ အောင်မြင်ခဲ့ပါတယ်။ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုကြောင့် မြန်မာပြည် သံဃာထုနဲ့ စစ်တပ်ကြားမှာ ကြီးမားတဲ့ ခြားနားချက်ကြီးတစ်ခု ဖြစ်ပေါ် ခဲ့ရပါတယ်။ မဘသနဲ့ ၉၆၉ သံဃာတွေကလွဲလို့ အခြားသံဃာတော်အားလုံးဟာ စစ်တပ်ကို မနှစ်သက်ကြတော့ပါဘူး။ ပတ္တနိက္ကုဇ္ဇနကံဟာ စစ်တပ်နဲ့ သံဃာထုကြားမှာ ရန်/ငါ စည်းတစ်ခု ခြားပေးနိုင်ခဲ့ပါတယ်” ဟု ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင် ဦးဂမ္ဘီရ (ခ) ကိုညီညီလွင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်သတ်ဖြတ်မှုအပါအဝင် ဥပဒေမဲ့ လုပ်ရပ်များ၏ အဓိကတာဝန်ရှိသူ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို ရည်ညွန်း၍ ပြီးခဲ့သည့် မတ်လ ၂၇ ရက်က ပြည်တွင်းပြည်ပမှ ဗုဒ္ဓဘာသာ သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင် (သပိတ်မှောက်) ခြင်းကို တတိယအကြိမ် ပြုလုပ်ခဲ့သည်။
စစ်ခေါင်းဆောင်နှင့်အဖွဲ့များ အမှားကိုသိ၍ ပြန်လည် တောင်းပန် လာပါက ဝတ်နည်းတော်အရ ညီညွတ်သည်ဆိုလျှင် ထိုသို့ပြုလုပ်ထားခြင်း သပိတ်ကို ပြန်လှန် ပေးရကြောင်း သိရသည်။
“သပိတ်မှောက်ကံကတော့ ၁၉၉၀ သပိတ်တုန်းကလည်း မလှန်ရသေးဘူး။ ၂၀၀၇ လည်း မလှန်ရသေးဘူး။ မလှန်ရသေးဘူးဆိုရင် အသိအမှတ် ဆက်ပြီးပြုနေတာပေါ့။ ပြီးတော့ သံဃာတော် အပါး ၇၀ ကျော်ကို သူတို့(စစ်ကောင်စီ) သတ်ဖြတ်တယ်။ ဘုန်းကြီးကျောင်းပေါင်း ၁၀၀ ကျော်ကို သူတို့ ဖျက်ဆီးတာ၊ ဒါသပိတ်မှောက်ကံကို ကျူးလွန်နေကြတာ ဖြစ်တယ်။ မတောင်းပန်တဲ့အပြင် ဆက်လက်ကျူးလွန်ထားတဲ့ စစ်အာဏာရှင်တွေကို ရဟန်းကောင်းတွေ မှန်သမျှကတော့ သပိတ်မှောက်ထားဆဲပဲ” ဟု ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးနှင့် လက်ရှိနွေဦးတော်လှန်ရေးသည် မတူကွဲပြား ချက်များ အများအပြားရှိသလို ရွှေဝါရောင်တော်လှန်ရေးသည် သံဃာတော်များက ဦးဆောင်ကာ လက်နက်မဲ့ အကြမ်းမဖက် ငြိမ်းချမ်းသည့် လူထုဆန္ဒပြပွဲ နည်းလမ်းကို စွဲကိုင်ခဲ့ပြီး နွေဦးတော်လှန်ရေးသည် အဆိုပါနည်းလမ်းအပြင်၊ နိုင်ငံတကာ သံခင်း တမန်ခင်းနည်းလမ်းနှင့် လက်နက်ကိုင်တော်လှန်ရေး နည်းလမ်းများကိုပါ တွေ့မြင်နေရ ကြောင်း ဦးဂမ္ဘီရ (ခ) ကိုညီညီလွင်က ဆိုသည်။
“လက်နက်မဲ့ အကြမ်းမဖက် လူထုတော်လှန်ရေးနည်းလမ်းဆိုတာဟာ ယဥ်ကျေးတဲ့ အာဏာရှင်အမျိုးအစားကိုပဲ အောင်မြင်နိုင်တာပါ။ မြန်မာစစ်အာဏာရှင်တွေလို ညစ်ပတ် စုတ်ပဲ့ယုတ်မာရိုင်းစိုင်းတဲ့ သူတွေကိုတော့ လက်နက်မဲ့ အကြမ်းမဖက် လူထုတော်လှန် ရေး နည်းလမ်းမျိုးနဲ့ လုံးဝမအောင်မြင်နိုင်ပါဘူး။ ဒီတော့ ဓားဓားချင်း၊ လှံလှံချင်း ရင်ဆိုင် တော်လှန်ကြမှပဲ ဒီစစ်အာဏာရှင်ကို အောင်မြင်နိုင်ကြမှာ ဖြစ်ပါတယ်” ဟု ဦးဂမ္ဘီရ (ခ) ကိုညီညီလွင်က ပြောသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလက သံဃာတော်များ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြစဉ်
#စစ်ခေါင်းဆောင်နှင့်အပေါင်းအပါ #ရဟန်းသံဃာတော်များ #တတိယအကြိမ် #ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း #သပိတ်မှောက်ထားမှု #အောင်မြင် #Ayeyarwaddy_Times