ဧရာ၀တီတိုင်းမ်

စက်တင်ဘာလ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူရွာနှင့် အနီးတဝိုက်ရွာများကို စက်တင်ဘာ ၁၅ ရက်နေ့က စတင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ ကိုး ဦးကို သတ်ဖြတ်ထားပြီး ရွာသား ၄၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံက သိရသည်။

အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်သည် သလွန်ဖြူရွာကို စစ်ကြောင်းထိုး ၀င်ရောက်၍ ဒေသခံရွာသားများကို ဖမ်းဆီးခဲ့ပြီး PDF အဖွဲ့များ၏ နေရာကို လိုက်လံပြသခိုင်းရာ မပြနိုင်သည့်အတွက် ရွာသား ခုနစ် ဦးကို စက်တင်ဘာ ၁၆ ရက်နေ့တွင် သတ်ဖြတ်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်နေ့တွင် နှစ် ဦးကို ထပ်မံ သတ်ဖြတ် ခဲ့ရာ စုစုပေါင်း ကိုး ဦး သတ်ဖြတ်ခံထားရကြောင်း သိရသည်။

ထို့ပြင် သလွန်ဖြူရွာ၊ ညောင်ကုန်းရွာစာသင်ကျောင်းနှင့် ရွှေဘုံသာကျောင်းတိုက်တို့တွင် စစ်ကောင်စီတပ်က စခန်းချ တပ်စွဲ၍ ဒေသခံ ၄၀ကျော်ကိုဖမ်းဆီးထားကာ အနီး၀န်းကျင်ရှိ ကျေးရွာ ၁၀ ခန့်ကိုလည်း ပိတ်ဆို့စီးနင်း၍ ယနေ့စက်တင်ဘာ ၁၈ ရက်နေ့အထိ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ရွာသားတွေကို ဖမ်းသွားတာ မနည်းဘူး။ PDF လို့လည်း စွပ်စွဲပြီး ဖမ်းတာရှိတယ်။ တပ်စခန်းနေရာတွေ သိတယ်ဆိုပြီး လိုက်ပြခိုင်းတယ်။ မပြနိုင်တဲ့လူတွေကို ပစ်သတ် တယ်။ အသတ်ခံရတဲ့အထဲမှာ ၁၄ နှစ်ကောင်လေးပါတယ်။ တစ်နေ့က ခုနစ်ယောက် အလောင်းကို ရှာတွေ့တာ။ မနေ့က နှစ် ယောက်ထပ်တွေ့တယ်” ဟု သလွန်ဖြူ ရွာခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် သလွန်ဖြူ၊ ညောင်ကုန်း၊ ခြံကြီး၊ သဖျူး စသည့်ရွာများကို ပိတ်ဆို့စီးနင်းမှုများပြုလုပ်ထားသည့်အပြင် စစ်ကိုင်းမြို့နယ်ရှိ မြစ်ရိုး ခုနစ်ရွာတန်းခေါ် ဧရာ၀တီမြစ်ကမ်းက ရွာများကိုပါ ပစ်ခတ် ၀င်ရောက်ပြီး စစ်ကြောင်းထိုး နေကြောင်းသိရသည်။

ထိုသို စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဒေသခံ ၃ သောင်းကျော် ထွက်ပြေးနေရပြီး ရွာစဉ်တလျှောက် ရှိ နေအိမ်များမှ အဖိုးတန်ပစ္စည်းများကို စစ်ကောင်စီ၏ တပ်မ(၃၃) အတွင်းသို့ ကားများဖြင့် နေ့စဉ်သယ်ယူ နေကြောင်း သိရသည်။

#စစ်ကိုင်းမြို့ #သလွန်ဖြူ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #ဒေသခံကိုဦးသတ်ဖြတ် #၄၀ကျော်ဖမ်းဆီး #Ayeyarwaddy_Times