ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ကသာမြို့၊ မိုးတားတိုက်နယ်၊ တုတ်ကြီးကျေးရွာကို ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံက် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်ခဲ့ပြီး ဒေသခံ အမျိုးသား သုံးဦးကိုပါ ပစ်သတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် မိုးတားတိုက်နယ် PDF များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာကာ မြစ်ဘေးရှိ တုတ်ကြီးရွာကို လက်နက်ကြီးဖြင့်ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ မီးရှို့ခဲ့သည့်အပြင် ဒေသခံသုံးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်နှင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“တိုက်ပွဲတွေဖြစ်ပြီးတော့ စစ်တပ်က အထိနာပြီး မြစ်ထဲက စစ်သင်္ဘောတွေပေါ်ကနေ တုတ်ကြီးရွာကို လက်နက်ကြီးနဲ့လှမ်းပစ်တာ။ ပြီးတော့ရွာကို ဝင်စီးပြီး မီးပါရှို့သွားတယ်။ လူတွေကိုလည်း ဖမ်းခေါ်သွားပြီး တချို့ကို သတ်ပစ်တယ်၊ တချို့လူတွေတော့ သင်္ဘော ပေါ်ဖမ်းသွားတယ်” ဟု မိုးတားတိုက်နယ်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၀၀ ကျော်ရှိသည့် တုတ်ကြီး ကျေးရွာတွင် နေအိမ် ၃၈ လုံးအထိ မီးလောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ပစ်သတ်ခြင်းခံရသည့် အမျိုးသား သုံးဦးမှာ မည့်သည့်ကျေးရွာက ဖြစ်သည်ကို အတည်အပြုနိုင်ခြင်း မရှိသေးသလို ပျောက်ဆုံးနေသည့် ဒေသခံများ ကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

#မိုးတာတိုက်နယ် #တုတ်ကြီးကျေးရွာ #စစ်ကောင်စီတပ် #လက်နက်ကြီးပစ်ခတ် #ဘုန်းကြီးကျောင်းမီးလောင် #ဒေသခံ၃ဦးပစ်သတ် #Ayeyarwaddy_Times