
ဓာတ်ပုံ - ဖျာပုံခရိုင်အတွင်းစက်သုံးဆီအရောင်းဆိုင်တခု
ကျော်လင်း/ဧရာဝတီတိုင်းမ်
(ဖျာပုံ) ဇူလိုင်လ ၂၀ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်မြို့နယ်အတွင်းစက်သုံးဆီဆိုင်အများစုမှာ စက်သုံးဆီစျေးနှုန်းကျဆင်းမှုမရှိသေးဘဲ စက်သုံးဆီ ၁ လီတာကို ၂၂၀၀ ကျပ်မှ ၂၄၀၀ ကျပ်အထိရောင်းချ နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ယခုလ ဒုတိယအပတ်မှစ၍ ရန်ကုန်၊မန္တလေး၊နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီစျေးနှုန်းကျဆင်းမှုများဆက်တိုက်ရှိနေပေမယ့် ဖျာပုံခရိုင်အတွင်းမှာတော့ ယမန်နေ့ ဇူလိုင်လ ၁၉ ရက်အထိအဆိုပါစျေးနှုန်းများအတိုင်းရောင်းချနေတယ်လို့ဆိုပါတယ်။
လက်ရှိ မြို့ကြီးအချို့ရဲ့ စက်သုံးဆီစျေးနှုန်းတွေဟာ ၁၇၀၀ ကျပ်နဲ့ ၁၈၀၀ ကျပ်ကြားကိုရောက်ရှိနေပေမယ့် ဖျာပုံခရိုင်အတွင်းမှာ ဓာတ်ဆီ 92 ၁ လီတာ ၂၁၀၀ ကျပ်၊ 95 ၂၂၀၀ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၄၀၀ ကျပ် နှုန်းနဲ့ပေးဝယ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
” ဆီစျေးတွေကျတယ်သာကြားနေတာ၊ ကျနော်တို့ဆီမှာတော့ ဒီတိုင်းပါဘဲ။ မြို့ပေါ်တွေမှာ ဒီဇယ်နဲ့ဓာတ်ဆီ ၂၀၀ လောက်ဘဲကွာတယ် ဒီဇယ် ၂၄၀၀၊ တောဘက်တွေမှာ ဒီဇယ်ရော ဓာတ်ဆီရော ၂၄၀၀ ဘဲ” လို့ ဖျာပုံမြို့ခံ ယာဥ်မောင်းတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်က စစ်ကောင်စီနဲ့နီးစပ်တဲ့ Denko ဆီဆိုင်မှာတော့ စစ်ကောင်စီသတ်မှတ်စျေးနှုန်းအတိုင်းရောင်းချမှုရှိနေပေမယ့် အခြား အလတ်စား၊အသေးစားနဲ့ တဆင့်ခံဆိုင်တွေအများစုမှာတော့ ဆီစျေးကျဆင်းမှုမရှိဘူးလို့သိရပါတယ်။
ဧရာဝတီတိုင်းဟာ ရန်ကုန်တိုင်းနဲ့ဆက်စပ်နေပြီး သယ်ယူပို့ဆောင်ရေးလွယ်ကူတဲ့မြို့နယ်တွေဖြစ်ပေမယ့် စက်သုံးဆီစျေနှုန်းတွေ ကျဆင်းမှုမရှိတဲ့အပေါ် ဒေသခံတွေက ဝေဖန်မှုတွေရှိနေပါတယ်။ စစ်ကောင်စီကတော့ စက်သုံးဆီစျေးကျဆင်းမှုတွေရှိနေပြီး ၄င်းတို့စစ်ကောင်စီ သတ်မှတ်စျေးနှုန်းအတိုင်းရောင်း ချမှုမရှိရင် အရေးယူဆောင်ရွက်မယ်လို့ပြောဆိုနေပေမယ့် ဧရာဝတီတိုင်းအတွင်းမှာတော့ ကျဆင်းမှုမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။