ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်

ကိုဗစ် ၁၉ အလွန်ကာလ လေကြောင်းခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုး တိုးတက်လာသည့် အချိန်ကာလကို ရောက်ရှိလာသောကြောင့် မကြာမီတွင် ဒေသတွင်း နိုင်ငံများသို့ လေကြောင်းကုန်စည်ပို့ဆောင်ရေးခရီးစဉ် (Cargo) စတင်ပျံသန်းမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့က ပြုလုပ်သည့် မြန်မာလေကြောင်းလိုင်း (၇၅) နှစ်ပြည့် အခမ်းအနားတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာ့လေကြောင်းလိုင်း (MNA) အနေဖြင့် ကုန်စည် ပို့ဆောင်ရေး ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲပျံသန်းခြင်းဖြင့် နိုင်ငံ၏ပို့ကုန်၊ သွင်းကုန်များကို တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ကာ နိုင်ငံစီးပွားရေးတိုးတက်မှုကို ကူညီပေးရာရောက်မည်ဖြစ် ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

“MNA လေကြောင်းလိုင်းခရီးစဉ် အချိန်မှန်မှုရှိလာတာနဲ့အမျှ ပြည်တွင်း ပြည်ပ ခရီးသွားတွေအနေနဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်းအပေါ် ယုံကြည်အားကိုး လာမယ်။ အခြားလေကြောင်းလိုင်းတွေနဲ့ ယှဉ်ပြိုင်ရာမှာ ခရီးသွားရွေးချယ်မှု အများဆုံး အခြေအနေရောက်မယ်” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

လက်ရှိပြေးဆွဲနေသည့် ခရီးစဉ်များကို ခေါက်ရေတိုးမြှင့်ပြေးဆွဲမှုများ၊ ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲခြင်း အပါအဝင် ပြောင်းလဲတိုးတက်လာသည့် အခြေအနေနှင့်လိုက်လျော ညီထွေစွာ ခရီးသည်နှင့် ကုန်စည်ရရှိမှုအပေါ်မူတည်ပြီး လေယာဉ်စီးရေတိုးချဲ့မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

စစ်ကောင်စီ၏ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မြန်မာလေကြောင်းလိုင်း ဝင်ငွေတိုးတက်ရရှိရေးအတွက် ပြည်တွင်း ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်းခြင်း၊ လေယာဉ်မြေပြင်ဝန်ဆောင်မှုလုပ်ငန်း၊ ATR လေယာဉ်အကြီးစား ပြင်ဆင်ရေးအလုပ်ရုံ လုပ်ငန်းများအတွက် ဈေးကွက်ရှာဖွေမှုများ လုပ်ဆောင်ရ မည်ဖြစ်ကြောင်း ပြောကြားသည်။

MNA သည် ပြင်ပခရီးစဉ်အဖြစ် ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယနိုင်ငံများ အတွက် ပုံမှန်ခရီးစဉ်များရှိနေပြီး ဗုဒ္ဓဂါယာဘုရားဖူးစင်းလုံး ငှားခရီးစဉ် ပျံသန်းလျက် ရှိကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းသည် ၁၉၄၈ ခုနှစ်တွင် လေကြောင်းပို့ဆောင်ရေး UBA – Union of Burma Airways – UBA အမည်ဖြင့် တည်ထောင်ဖွဲ့စည်းပြီး အဆင့်ဆင့်ပြောင်းလဲခဲ့ရာ ၂၀၁၄ ဒီဇင်ဘာတွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines-MNA) အမည် ပြောင်းလဲခဲ့သည်။

ဓာတ်ပုံ – စစ်ကောင်စီ
#MNAလေကြောင်းလိုင်း #cargoပြေးဆွဲ #Ayeyarwaddy_Times