ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ တစ်ရွာသို့ နယ်ကျော်သွားရောက်လိုပါက မြို့နယ်လူဝင်မှူ ကြီးကြပ်ရေးဦးစီးဌာနထံ ခရီးသွားထောက်ခံစာ ပြုလုပ်ကာ သွားရမည် ဖြစ်သည့်အတွက် ရပ်ကျေးရုံးမှတဆင့် ပြုလုပ်လိုပါက တစ်စောင်လျှင် ငွေကျပ်ငါးထောင်ပေး၍ ပြုလုပ်ပေးကြောင်း ဒေသခံများထံက သိရသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ အရိုးတောင်ကုန်း၊ ရေကျော်၊ကန်ဆည်၊မဲဇလီကုန်းအပါအဝင်ကျေးရွာအုပ်စု ၇၁ခုကြား သွားရောက်လိုလျှင် မြို့နယ်လဝကရုံး၏ ခရီးသွားထောက်ခံစာ ထုတ်ယူရမည်ဖြစ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့်ထောက်ခံစာပြုလုပ်လိုပါက တစ်စောင်လျှင် ငွေကျပ်ငါးထောင် ကောက်ခံကာ ထောက်ခံစာ ပြုလုပ်ပေးပြီး သွားလာခွင့်ပြုကြောင်း ကျေးရွာဒေသခံများမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

” အခုရက်ပိုင်းမှစလုပ်တာ။ တစ်ရွာနဲ့တစ်ရွာပဲဖြစ်ဖြစ် မြို့ထဲသွားချင်တာဖြစ်ဖြစ် လဝက ခရီးထောက်ခံစာလုပ်ထားရတယ်။ရုံးမသွားနိုင်တော့ ကျေးရွာအုပ်ချုပ်ရေးမှူးဆီကနေ တဆင့် လုပ်ရင်တစ်စောင်၅၀၀၀ ပေးရတယ်။ ထောက်ခံစာမပါရင် ခရီးသွားခွင့်မပေးဘူး” ဟု ကန်ဆည်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင်လဝကခရီးသွား ထောက်ခံစာမပြုလုပ်သူများအပေါ် လဝက ဥပဒေဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်မည်ဟု မြို့နယ်လဝကဝန်ထမ်းနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ခြိမ်းခြောက်သတိပေးမှုများ ရှိနေကြောင်းလည်းဒေသခံများထံက သိရသည်။

” လဝက ထောက်ခံစာလုပ်ရင်ခရီးသွားရ အဆင်ပြေမယ်ပေါ့။ အခုကQR စကန်ဖတ်ပြီးပါသွားနေရတယ်။ မလုပ်တဲ့သူကတော့ လဝကပုဒ်မ နဲ့အရေးယူမယ်ဆိုပြီးခြိမ်းခြောက်ခံရတယ်။ တကယ်ကထောက်ခံစာမလိုဘူး။ စာရေးဝန်ထမ်းနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေတမင်တကာ ငွေလိုချင်လို့လျှောက်လုပ်နေတာ” ဟု မဲဇလီကုန်းကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကဆိုသည်။

အင်္ဂပူမြို့နယ်တွင်ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း အခြားမြို့နယ်များထံ ခရီးသွားလာရန် ရှိပါက စစ်ကောင်စီလက်အောက်ခံ မြို့နယ်လူဝန်မှုကြီးကြပ်ရေးရုံး မှ ခရီးသွားထောက်ခံစာ ပြုလုပ်ရန် ဒေသခံများကို ဖိအားပေးခိုင်းစေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#အင်္ဂပူမြို့နယ် #ကျေးရွာကျော် #သွားလိုလျှင် #လဝကခရီးသွားထောက်ခံစာ #တစ်စောင်ငါးထောင်ကျပ်နှုန်းဖြင့်ပြုလုပ်ရ #Ayeyaewaddy_Times