ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်တွင် စက်တင်ဘာလ ဒုတိယအပတ်ကစ၍ စစ်ကောင်စီတပ်သည် မြစ်ကြောင်းအလိုက် ရေကင်းချ စစ်ဆေးမှုများ ပြုလုပ်လာကြောင်း ဒေသခံများထံက သိရသည်။

ဝါးခယ်မမြို့နယ် တွင် ပြီးခဲ့သည့် စက်တင်ဘာလ၁၄ ရက်နေ့မှစ၍ ဝါးခယ်မမြစ်ကြောင်းတလျှာက်နှင့် ကမ်းနားနေရာတို့တွင် စစ်ကောင်စီတပ်မှ စက်လှေသုံးစီးဖြင့် နေ့ရောညပါ ရေကြောင်းကင်းလှည့်မှု ပြုလုပ်ကြောင်း မြို့ခံများထံကသိရှိရသည်။

” စက်လှေတွေနဲ့ ဝါးခယ်မမြစ်ကြောင်းမှာ စစ်တပ်တွေကင်းလှည့်တာရှိလာတယ်။ မနက်ပိုင်းက တစ်စီးလောက်နဲ့ ရေကင်းလှည့်နေတယ်။ ညပိုင်းဆိုရင်တော့ နှစ်စီးနဲ့မြစ်ကြောင်းမှာရော ကမ်းအနီးကိုပါ ကင်းလှည့်တာတွေ့နေရတယ်” ဟု အမှတ်၁၂ ကမ်းနားလမ်းရှိ ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင်ဝါးခယ်မမြို့နယ်ခွဲ ရွှေလောင်းမြို့၌လည်း ပြီးခဲ့သည့် စက်တင်ဘာလ၁၅ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ ရေကင်းအဖြစ် စက်လှေနှစ်စီး အသုံးပြုကာ နေ့ရောညပါ ကင်းပတ်မှုများ ရှိနေကြောင်း ဒေသခံများထံကသိရသည်။
” မြစ်ထဲကင်းပတ်နေတာ မကြာသေးဘူး။နှစ်ရက်သုံးရက်ပဲရှိသေးတယ်။ အရင်တုန်းက တခါတလေပဲပတ်တာ။ ဒါတောင် တောင်ဝါးခယ်မမြို့ထဲမှာဗုံးပေါက်တုန်းက တစ်ခါပဲလှည့်တယ်။ ရေကင်းမပတ်တာကြာနေပြီ။ အခုရက်ပိုင်းမှ ဘာလို့လဲမသိဘူး ကင်းပတ်နေတာ” ဟု ရွှေလောင်းမြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။

ဝါးခယ်မမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၂ရက်နေ့ နံနက်ပိုင်းက ကမ်းနားလမ်း ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကာ မြို့တွင်းနှင့် ဝါးခယ်မမြစ်ကြောင်းတလျှောက်တွင် စစ်ကောင်စီတပ်မှ တစ်ပတ်ကြာ ကင်းလှည့်မှုများ ရှိခဲ့ကြောင်း မြို့ခံများထံက သိရသည်။

#ဝဝါးခယ်မမြို့နယ်#စစ်ကောင်စီ #မြစ်ကြောင်း #ရေကင်းချ #စစ်ဆေးမှုပြုလုပ် #Ayeyarwaddy_Times