နွေဦးမောင် /ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၈ ရက်

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ၊ ပြည်ထောင်စု ကာကွယ်ရေး တပ်မတော် (ABSDF- UNRA) မှ စစ်ဦးစီးချုပ် ကိုခင်ကျော်ကို လွတ်ရက်စေ့၍ ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် လမ်းတွင် ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခဲ့ပြီး မိသားစုဝင်များနှင့် ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့အထိ အဆက်အသွယ် ရရှိခြင်းမရှိ၍ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ကိုခင်ကျော် အပါဝင် ABSDF-UNRA တပ်ဖွဲ့ဝင် သုံးဦးကို မွန်ပြည်နယ် ပေါင်မြို့အဝင်တွင် ဖမ်းဆီးခဲ့ပြီးနောက် မိသားစုဝင် ၁၇ ဦးကိုပါ ထပ်မံဖမ်းဆီးခဲ့သည်။

၂၀၂၁ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ကိုခင်ကျော်ကို ရေကြည်အိုင် စစ်ကြေားရေးသို့ပို့ဆောင်စစ်ဆေးခဲ့ပြီး တောင်ဒဂုံမြို့နယ် စစ်အကျဥ်းတရားခုံရုံးမှ ပုဒ်မ (၁၇/၁) ဖြင့် ထောင်ဒဏ် ၂ နှစ်ကျော်ချမှတ်ခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် လွတ်ရက်စေ့၍ ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ယင်းနေ့တွင်ပင် လမ်း၌ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့(စရဖ)က ပြန်လည်ဖမ်းဆီးခဲ့ပြီး မိသားစုနှင့် အဆက်သွယ်ရရှိမှု လုံး၀ မရှိတော့ကြောင်း ကိုခင်ကျော်၏ မိသားစုဝင်တစ်ဦးထံက သိရသည်။

“ ကျွန်တော်တို့ ABSDF-UNRA အဖွဲ့အနေနဲ့ မဟာမိတ်အဖွဲ့စည်းတွေဖြစ်ကြတဲ့ တော်လှန်ရေးအင်အားစုတွေကို ဝိုင်းဝန်းကူညီပေးကြပို့ စာထုတ်ထားပါတယ်။ UNRA ဟာ ပထမဦးဆုံး စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်အာဏာရှင် စနစ်ဆိုးကိုအမြစ်ပြတ်တိုက်ထုတ်ဖို့ လူငယ်တွေကို သင်တန်းပို့ချပေးခဲ့တဲ့ အဖွဲ့စည်းတစ်ခုဖြစ်ပါတယ်” ဟု ABSDF-UNRA အဖွဲ့မှ ကိုနိုင်နိုင်အောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကိုခင်ကျော်ကို လွတ်ရက်စေ့၍ ပြန်လည်လွှတ်ပေးခဲ့သော်လည်း ပထမအကြိမ် ဖမ်းဆီးခံရစဥ်က စစ်ကောင်စီက ရေကြည်အိုင်စစ်ကြောရေးတွင် ကိုခင်ကျော်၏ မိခင်ကို စစ်ဆေးနေရင်း သေဆုံးသွားခဲ့၍ သတင်းအစအန ဖျောက်ပစ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

“ အခု ပြန်လည်လွှတ်ပေးတယ်ဆိုပေမဲ့ စစ်ကြေားရေးမှာ ရက်ရက်စက်စက် ညှင်းပမ်း နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ ရှိနေတယ်။ ကိုခင်ကျော်ရဲ ဘယ်ဘက်ခြေထောက်မှာ သံစိုက်ပြီး ရိုက်သွင်းခံထားရလို့ ခြေထောက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်။ အခုလည်း မိသားစုနဲ့ တွေ့ဆုံခွင့်မရသေးခင်မှာ ထပ်ပြီးတော့အဖမ်းခံရတာ” ဟု ကိုခင်ကျော်၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

ဓာတ်ပုံ-UNRA စစ်ဦးစီးချုပ်ကိုခင်ကျော်

#စစ်ကောင်စီဖမ်းဆီးထောင်ချ #ABSDFUNRAတပ်ဖွဲ့ စစ်ဦးစီချုပ် #ကိုခင်ကျော် #လွတ်ရက်စေ့လွှတ်ပြီးပြန်ဖမ်း #မိသားစုနှင့်အဆက်သွယ်မရ #Ayeyarwaddy_Times