
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၇ ရက်
ကရင်ပြည်နယ် KNU တပ်မဟာ (၆)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ထိုင်းဘက်အခြမ်းမှ ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကူနှင့် လက်နက်ခဲယမ်း ရိက္ခာပို့ပေးသည့် စစ်ကြောင်းကို ရက်ပေါင်း ၂၀ အတွင်း ဒရုန်းဖြင့် ဗုံးအလုံးရေ ၂၀၀ ကျော် အသုံးပြု တိုက်ခိုက်နိုင်ခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်နေ့ရက်စွဲဖြင့် Cloud Wings ကထုတ်ပြန်သည်။
Cloud Wings သည် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင်တပ်စခန်း၊ စစ်ကောင်စီအထိုင်ချ တပ်စွဲထားသည့် စခန်းများနှင့် ထိုင်းဘက်အခြမ်းမှ ဝင်ရောက် လာသည့် လက်နက်ခဲယမ်း ရိက္ခာစစ်ကူလမ်းကြောင်းများကိုပါ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများ ရှိကြောင်းသိရသည်။
“ ကွီလုံတိုင် စစ်တပ်စခန်းကို KNLA ဦးစီးတဲ့ မဟာမိတ် ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်တယ်။ ရက်ကြာလာပြီး ထိခိုက်သေဆုံးမှုများနေတော့ စစ်ကောင်စီတပ်ရဲ့ ရေတလျောက် စခန်းကနေ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကူလာတယ်။ ရေတလျောက် ကနေ ကွီလုံတိုင်ကို မြန်မာဘက်အခြမ်းကနေ လာလို့ အဆင်မပြေဘူး.။ ထိုင်းနဲ့ မြန်မာက ဟောင်သရော မြစ်ပဲခြားထားတာ။ ရေတလျောက်ဘက်ကနေ ဟောင်သရော မြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကို ကူးတယ်။ ထိုင်းဘက်ကနေ တောက်လျောက်လာပြီး ကွီလုံတိုင်လောက် ရောက်တဲ့အချိန်မှာ မြန်မာဘက်ကို ပြန်ကူးတယ်။ အဲ့ဒီပုံစံနဲ့ သူတို့က စစ်ရေးလှုပ်ရှားတယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုငြိမ်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့၏ ကွီလုံတိုင်စခန်းကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီ တပ်အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းသည် ထိုင်းနိုင်ငံ ဘက်မှတဆင့် လက်နက်၊ ခဲယမ်း၊ ရိက္ခာ ဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံ ဘက်မှ အင်အားဖြည့်တင်းရန် ကြိုးစားလာသည့် အဆိုပါ စစ်ကြောင်းကို စက်တင်ဘာလ ၆ ရက်နေ့မှ စတင်ကာ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်မှအထိနာ၍ သေဆုံးမှုများ ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
“သူတို့ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ ကွီလုံတိုင်ကို စစ်ကူပို့လို့ မရဘူး။ သူတို့ရဲ့ ထွက်ခွာရာ စခန်းဖြစ်တဲ့ ရေတလျောက်စခန်းလည်း ကျသွားတယ်။ သူတို့ဘက်က ဒဏ်ရာရတဲ့ သူတွေကို ကားတွေနဲ့ ထိုင်းဘက်ကို သယ်သွားတယ်။ ဘယ်ကိုသယ်သွားလဲတော့ မသိဘူး။ သေဆုံးတဲ့သူတွေကို ဟောင်သရောမြစ်ထဲမှာ မျောလိုက်တယ်။ ဒေသခံတွေဆီက ပြန်သိရတာကတော့ ဟောင်သရောမြစ်ထဲမှာ အလောင်းတွေ တွေ့တယ်။ ပထမ PDF တပ်ဖွဲ့ဝင်တွေ ထင်တာ။ နောက်မှ စစ်ခွေး(စစ်ကောင်စီတပ်သား) အလောင်းတွေဖြစ်နေတယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုငြိမ်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
Cloud Wings ဒရုန်းတပ်ဖွဲ့သည် သြဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ဗုံးအလုံးရေ ၂၀၀ ကျော်အသုံးပြုတိုက်ခိုက်ခဲ့ပြီး ၁၀၇-မမ ၊ ၈၁-မမ ၊ ၆၀-မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- Cold Wings တပ်ဖွဲ့ပုံ
#စစ်ကောင်စီတပ်စခန်းများ #တော်လှန်ရေးတပ်ဖွဲ့ #CloudWingsဒရုန်းတပ်ဖွဲ့ #ဗုံး၂၀၀ ကျော်ဖြင့်တိုက်ခိုက် #Ayeyarwaddy_Times