ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ)၊စက်တင်ဘာလ ၁၇ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်စုံဖြင့် အလင်းဝင်ရောက်လာကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။

လက်နက် နှင့်တကွ အလင်းဝင်ရောက်လာသော စစ်ကောင်စီ၏ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ် (၅၆၁) ခြေမြန်တပ်ရင်းမှ တပ်သား အောင်ဇော်မင်း ကိုယ်ပိုင်အမှတ် တ/၁၃၁၆၈၁ သည် ၎င်းနှင့်အတူ MA-3 တစ်လက်၊ ကျည်တောင့်၃၀ ပါ ကျည်ဘောက်သုံးခု၊ ၅.၅၆ ကျည် ၁၀၀ တို့ကိုယူဆောင်၍ တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ လာရောက်ခိုလှုံခဲ့ခြင်းဖြစ်သည်။

“သူ( စစ်ကောင်စီတပ်သား အောင်ဇော်မင်း) ထွက်ပြေးလာ တုန်းက မိုးကအရမ်းသည်းနေတဲ့အချိန်။ သူလွတ်မြောက်ဖို့ အတွက် ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ အဆင့်ဆင့် ချိတ်ဆက်ခဲ့ရတယ်။ သူ ထွက်ပြေးလွတ်မြောက်လာပြီး နှစ်ရက်ကြာမှ ကျွန်တော်တို့အဖွဲ့ဆီကိုရောက်တယ်” ဟု တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်သားအောင်ဇော်မင်း စစ်ကောင်စီတပ်မှ ထွက်ပြေးလာစဥ်က ၎င်းနှင့်အတူပါလာသည့် လက်နက်ခဲယမ်းများကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံထံ အပ်နှံ၍ စနစ်တကျလွဲပြောင်းလက်ခံခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

စစ်တပ် အာဏာသိမ်းယူခဲ့ပြီးနောက် တနင်္သာရီမြို့နယ်အတွင်းတွင် CDM ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၄၉ ဦး စုစုပေါင်း ၈၄ ဦးရှိ ပြီဖြစ်ကြောင်းသိရသည်။

ပြည်သူ့ရင်ခွင်သို့ ထပ်မံ၍ ခိုလှုံလာကြမည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှင့် ရဲတပ်ဖွဲ့ဝင် များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ နွေးထွေးစွာကြိုဆိုလျက်ရှိပြီး လက်နက်နှင့်တကွ ဝင်ရောက်ခိုလှုံပါက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သွားမည့်အပြင် သင့်လျော်ရာနေရာများတွင် နေထိုင်နိုင်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးလျှက်ရှိကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေး အဖွဲ့ ထံက သိရသည်။

ပံုစာ-လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား

ဓာတ်ပုံ-တနင်္သာရီတိုင်း_ပြည်သူ့ကာကွယ်ရေးအဖွဲ့

#တနင်္သာရီ #စစ်ကောင်စီတပ်သား #လက်နက်အပြည့်စုံ #အလင်းဝင်ရောက် #Ayeyarwaddy_Times