ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာ ၁၇ ရက်)

မြန်မာလူမျိုးတွေဟာ တိရိစ္ဆာန်လေးတွေကို ချစ်တတ်ကြပါတယ်။ ခွေး‌လေးတွေ ကြောင်လေးတွေကို ခွေး‌လေး ကြောင်လေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မြတ်မြတ်နိုးနိုးနဲ့ ကြင်နာစွာ မွေးမြူကြပါတယ်။ လမ်းဘေးမှာလေလွင့်နေတဲ့ တိရစ္ဆာန် ခွေး၊ ကြောင်စတဲ့ ပိုင်ရှင်မဲ့ သတ္တဝါလေးတွေကိုပင်လျှင် မေတ္တာထားစောင့်ရှောက်ကြ ပါတယ်။

လက်ရှိမှာလည်း ခွေး‌စောင့်ရှောက်ရေး၊ ကြောင်စောင့်ရှောက်ရေး ဂေဟာတွေ ခွေးကယ်တင်ကူညီရေးအဖွဲ့တွေ အများကြီး ရှိနေပါတယ်။ ဒီလိုချစ်ဖို့ကောင်းတဲ့ ဖော်ရွေ ပျူငှာကြင်နာတတ်တဲ့ တိရစ္ဆာန် ချစ်သူတွေဟာ ခွေးလေးတွေကို ရောဂါကုသပေးတာ ခွေးကောင်ရေထိန်းချုပ်ဖို့အတွက် သားကြောဖြတ်ပေးတာမျိုးတွေ အထိလုပ်ပေး ကြပါတယ်။

အဲ့ဒီလို နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် ကြောက်စရာ ကောင်းတဲ့ ခွေးရူးပြန်ရောဂါ အကြောင်းကို သိထားဖို့ လိုကို လိုအပ်ပါတယ်။

#ခွေးရူးပြန်ရောဂါဆိုတာ

ခွေးရူးပြန်ရောဂါဆိုတာ ခွေးရူးပြန်ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်မှ တစ်ဆင့် လူကို ကူးစက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ ခွေးရူးပြန်ဆိုတဲ့ နာမည်အတိုင်း ခွေးကိုက်ခံရခြင်း ကနေ အဓိက ကူးစက်ပါတယ်။ ကြောင် ၊ ကြွက်၊ ရက်ကွန်းဝက်ဝံငယ် ၊ ပူး ၊ ရှဉ့် ၊ ယုန် ၊ လင်းနို့ ၊ မြင်း၊ မျောက် နဲ့ အခြားတိရစ္ဆာန်‌တွေလည်း ခွေးရူးပြန်ရောဂါကူးစက်နိုင် ပါတယ်။

လူကို ကူးစက်တဲ့အခါ ခွေးကိုက်ခံရမှသာ ကူးတာမဟုတ်ပါဘူး။ ခွေးအပါအ၀င် ရောဂါသယ်‌ဆောင်တဲ့ တိရစ္ဆာန်နဲ့ အဲ့ဒီတိရိစ္ဆာန်ရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ (တံတွေး သွားရည်) အရည်တွေနဲ့ ကိုယ့်ခန္ဓာမှာရှိတဲ့ ဒဏ်ရာကို ထိမိရင်လည်း ကူးစက်တတ် ပါတယ်။

#ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး(Rabies Virus)

ခွေးရူးပြန်ဗိုင်းရပ်စ်ပိုးက ကျည်ဆံတောင့်လေးလို ပုံစံရှိပါတယ်။ သူက ခွေးရူးပြန်နေတဲ့ တိရစ္ဆာန်ရဲ့ တံတွေး၊ သွားရည်တို့မှာရှိနေပါတယ်။ တိရစ္ဆာန်က ကိုက်ခဲလိုက်တဲ့ အချိန်မှာ သွားရည်ထဲမှာရှိတဲ့ ပိုးကခန္ဓာကိုယ်ထဲ ဝင်သွားပြီး ကူးစက်ပါပြီ။ ပုံမှန်အကောင်း အတိုင်းရှိနေတဲ့ အ‌ရေပြားကို ပိုးကဖြတ်သန်းပြီးတော့ မကူးစက်နိုင်ပေမယ့် ထိခိုက်ရှနာ ဒဏ်ရာကို ခွေး၊ ကြောင်တွေရဲ့ သွားရည်တွေနဲ့ ထိမိရင်လည်း ကူးနိုင်ပါတယ်။

ရူးနေတဲ့ ခွေး ကိုက်မှသာ ကူးစက်ခံရတာလို့ ထင်နေကြပါတယ်။ တကယ်တမ်းတော့ ရောဂါပိုးသယ်ဆောင်ထားတဲ့ မရူးသေးတဲ့ခွေး‌၊ ကြောင် ကိုက်လျှင်လည်း ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

ရှားရှားပါးပါး လင်းနို့ခို‌အောင်းတဲ့ဂူရဲ့လေထုထဲမှာ ခွေးရူးပိုးတွေပျံ့နှံ့ကူးစက်တတ် ကြောင်းလည်း မှတ်သားဖူးပါတယ်။

ခွေးနဲ့ရောဂါပိုးကူးစက်နိုင်တဲ့ တိရစ္ဆာန်တွေဟာ ရောဂါရပြီး ၁၀ရက်မှ ၁၄ရက်အတွင်းမှာ အရင်လို မဟုတ်တော့ဘဲ အမူအကျင့်‌တွေပြောင်းလဲပြီး ခွေးရူးရောဂါ လက္ခဏာတွေ ပေါ်ပါတယ်။

ခွေးရူးပြန်ဗိုင်းရပ်စ်ပိုးတွေက အကိုက်ခံရတဲ့နေရာကြွက်သားတွေဆီမှ အာရုံကြောကို ပြန့်နှံ့ပြီး ဦးနှောက်ထဲကို ရောက်သွားပါမယ်။ ဦးနှောက်ရောင်ရမ်းပြီး ပွားများလာတဲ့ ရောဂါပိုး‌တွေက တံတွေးဂလင်းဆီ ရောက်သွားပါတယ်။ တံတွေးသွားရည်တွေကနေ ရောဂါကို နောက်ထပ်ဖြန့်ဝေ ကူးစက်စေတော့မှာပါ။ နောက်ဆုံးမှာခွေးရူးဖြစ်ပြီး သေပါတယ်။

#ခွေးရူးပြန်ခြင်းလက္ခဏာများ

ရူးပြန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ တိရိစ္ဆာန်ရဲ့ အမူအယာဟာ ပုံမှန်မဟုတ်တော့ဘဲ ထူးခြားလာပါတယ်။ သွားရည်တများများ ထွက်လာမယ်။ ရန်လိုတတ်လာမယ်၊ ဒေါသထွက်ပြီး သခင်အပါအဝင် လူတွေကို မန်ဖီမယ်။ ကိုက်လာမယ်။ အချို့ကတော့ ဒီလိုကြမ်းတမ်းရန်လိုတဲ့ လက္ခဏာတွေမပြဘဲ တစ်သီးတစ်ခြား ငြိမ်နေတဲ့ ခွေးရူးပြန်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

ကိုက်တဲ့ခွေးကို ရိုက်သတ်လိုက်ရင် အကိုက်ခံရသူဟာ ရောဂါမကူးတော့ဘူး ဆိုပြီး မှားသိ‌နေကြ တာရှိပါတယ်။ ခွေးကို ရက်သတ္တပတ် နှစ်ပတ်တိတိ စောင့်ကြည့်ရပါမယ်။ ကိုက်တဲ့ခွေးက ကိုက်ပြီး ၁၄ရက်ကျော်တဲ့အထိ မသေလျှင် ခွေးရူးပြန်လက္ခဏာတွေ မပြတော့လျှင် ခွေးကောင်းလို့ ဆုံးဖြတ်နိုင်ပါတယ်။

ခွေးရူးအကိုက်ခံရပြီး သုံးလအတွင်းမှာ ခွေးရူးပြန်ရောဂါဖြစ်တတ်ပါတယ်။ တစ်ခါ တလေမှာ ရောဂါက ခိုအောင်းနေကာ ခွေးကိုက်ခံရပြီး ဆယ်စုနှစ် တစ်ခုကြာမှ ခွေးရူး ပြန်ရောဂါလက္ခဏာဖြင့် အသက်သေဆုံးခဲ့တာတွေလည်း တွေ့မြင်ကြုံဆုံခဲ့ဖူးပါတယ်။

ခွေးရူးပြန်ရောဂါကို ပျောက်ကင်းအောင်မကုသနိုင်ပါဘူး။ ရောဂါအဆင့် ဖြစ်ပြီးမှ အသက်ရှင် ကျန်တဲ့လူနာဦးရေ ကမ္ဘာပေါ်မှာ မရှိသလောက်ကို နည်းပါးပါတယ်။ ရာနှုန်းပြည့် သေတယ်လို့ သတ်မှတ်နိုင်ပါတယ်။

ကြောက်မက်ဖွယ်ခွေးရူးပြန်ရောဂါ၏အ‌ဆုံးသတ် နှစ်မျိုးအကြောင်း

#ရန်လိုသောပုံစံခွေးရူးပြန်ရောဂါ(Furious rabies)

ဒီလိုအရာမျိုးကို အတွေ့ရများပါတယ်။ ဂနာမငြိမ်ဆောက်တည်ရာမရ လှုပ်လှုပ်ရှားရှား ခံစားနေရပါမယ်။ ကယောင်ချောက်ခြားဖြစ်ပြီး ပြောမရ ဆိုမရ ‌သောင်းကြမ်းအော်ဟစ် နေပါမယ်။ ရေဆာပေမယ့် လည်ပင်းကြွက်သားတွေ တောင့်တင်းနေတာကြောင့် ရေသောက်လို့မရဘဲ ရေကြောက်နေပါမယ်။ ရေငတ်ပြီး ဒေါသအလွန် ထွက်နေပါမယ်။ လေတိုက်တာကိုပင်လျှင် ကြောက်ရွံနေတတ်ပါတယ်။ အဲ့ဒီလို လက္ခဏာတွေ ပေါ်လာပြီးနောက် နှလုံးနဲ့ အသက်ရှုအင်္ဂါများ အလုပ်မလုပ်‌မလုပ်တော့ဘဲ ထိခိုက် ပျက်စီးပြီး ရက်အနည်းငယ်အတွင်း အသက်ဆုံးရှုံးမှာ ဖြစ်ပါတယ်။

#အကြောသေခွေးရူးပြန်ရောဂါ(Paralytic Rabies)

အတွေ့ရနည်းပါတယ်။ ကြွက်သားများသည်တဖြည်းဖြည်း အကြောသေ အင်အားချည့်နဲ့ လာပြီး သတိလစ်မေ့မျောခြင်း နဲ့ အဆုံးသတ်ပါတယ်။ အသက်ရှုကြွက်သားများ အလုပ် မလုပ်တော့တဲ့အခါမှာ အသက်ရှူရပ်ပြီး အသက်သေဆုံးပါတယ်။

#ခွေးရူးရောဂါကာကွယ်ရန်
ခွေးရူးရောဂါကာကွယ်ဖို့အတွက် အိမ်မွေးတိရိစ္ဆာန်တွေကို ကြိုတင်ပြီး ခွေးရူးပြန် ကာကွယ်ဆေးထိုးရပါမယ်။ ခွေးကိုက်မခံရအောင် ကြောင်ကိုက်မခံရအောင် ဆင်ခြင် ကာကွယ်ရပါမယ်။

တိရစ္ဆာန်ရောဂါကုဆရာဝန်များ၊ တိရစ္ဆာန်များနှင့် ထိတွေ့ကိုင်တွယ်အလုပ်လုပ်‌ နေရ သူများကတော့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားသင့်ပါတယ်။

တောရိုင်းတိရိစ္ဆာန်အကိုက်ခံရခြင်း၊ ခွေးကိုက်ခံရခြင်း တို့လိုမျိုး ခွေးရူးပြန်ရောဂါ ဖြစ်နိုင်ခြေနဲ့ကြုံတွေ့ပြီဆိုရင် (Post-exposure prophylaxis – PEP) ရောဂါပိုးကို ထိတွေ့ အပြီးကာကွယ်ခြင်း နည်းနဲ့ သေချာကုသရပါမယ်။

အနာကို ငါးမိနစ် ဆယ်မိနစ်ခန့် ရေဖြင့်ဆေးကြောပါ။ ဆပ်ပြာအသုံးပြု နိုင်ပါတယ်။ ဒဏ်ရာကိုသန့်ရှင်း‌ရေးလုပ်ခြင်း ဆေးထည့်ခြင်းများလုပ်ပြီး ပြုစုကုသရပါမယ်။ ဒဏ်ရာကို ချုပ်ကြိုးသုံးပြီး ပိတ်ချုပ်ခြင်းများ မလုပ်ဆောင်သင့်ပါဘူး။

ဒဏ်ရာရတဲ့ နေရာနဲ့ ပြင်းထန်မှုကို မူတည်ပြီး အဆင့်ခွဲရပါမယ်။ အဆင့်အလိုက်လို အပ်သလိုကုသရပါမယ်။ ခွေးရူးပြန်ကာကွယ်ဆေး RVA အကြိမ်ရေ အပြည့်ထိုးနှံ ရပါမယ်။ ဒဏ်ရာကြီးပြီး အဆင့်သတ်မှတ်ချက်များပါက Rabies Immunoglobulin ခွေးရူးအဆိပ်ဖြေဆေးကိုပါ ခန္ဓာကိုယ်အလေးချိန်နဲ့ တွက်ချက်ပြီး စနစ်တကျထိုးနှံ ပေးရပါမယ်။

စစ်တပ်က အဓမ္မအာဏာလုယူခြင်းခံထားရတဲ့ မြန်မာနိုင်ငံဟာ လက်ရှိအ‌ခြေအနေ မှာတော့ စီးပွားရေးပြိုလဲမှုကြောင့် ခေတ်မီဆေးဝါးတွေ ရှားပါးခြင်း၊ ပြတ်လပ်ခြင်း၊ လျှပ်စစ်ဓာတ်အား မှန်မှန်မရတာကြောင့် အအေးစနစ်မထိန်းနိုင်ဘဲ ကာကွယ်ဆေးများ သိုလှောင်စဥ်၊ ပို့ဆောင်စဉ်မှာ အာနိသင်ပျက်စီးခြင်း စတာတွေကို ကြုံတွေ့ခံစားနေ ရပါတယ်။

ခွေးရူးပြန်ရောဂါကာကွယ်ဆေး ဈေးနှုန်းတွေကလည်း အခြေခံပြည်သူလူထုအတွက် လက်လှမ်းမီတဲ့ ‌အနေအထားမှာ ရှိမနေပါဘူး။ ဒါကြောင့် ခွေး ကြောင့် စတဲ့ တိရိစ္ဆာန်တွေ အကိုက်မခံရအောင် သတိပြုဆင်ခြင် နေထိုင်ရင်း အထက်ပါနည်းလမ်းတွေကို လိုက်နာရင် မိမိကိုယ်ကိုယ် ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

လာမယ့် စက်တင်ဘာလ (၂၈) ရက်နေ့ကို ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အကြိုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကသတ်မှတ်ထားတာမို့ ဧရာဝတီတိုင်းမ် စာဖတ်သူတွေကို ခွေးရူးပြန်ရောဂါ အကြောင်း အသိပညာမျှဝေပေးရင်း ခွေးရူးပြန်ရောဂါမှ လွတ်ကင်းကြစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

နောက်တစ်ပတ်မှာတော့ နှလုံးရောဂါနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးဆောင်းပါးလေးကို ဖော်ပြ ပေးမှာဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှု‌ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သတိပြုစရာခွေးရူးပြန်ရောဂါ #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)