ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊စက်တင်ဘာလ ၁၇ ရက်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာ အတွင်းသို့ တပ်စွဲရန် ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို စက်တင်ဘာ ၁၅ ရက်နေ့နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ် (၁) ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက္ကူးကျေးရွာအတွင်းသို့ တပ်စွဲရန်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို စက်တင် ဘာလ ၁၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ထံကသိရသည်။

“သူတို့ ( စစ်ကောင်စီတပ်) က အထိနာသွားလို့ လက္ကူးကျေးရွာကို အင်အားဖြည့်တင်းပြီး စစ်ကြောင်း ထပ်ထိုးလာတယ်။ အင်အားက ၁၀၀ ကျော်လောက်ရှိတယ်” ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း မှ တာဝန်ရှိသူက ဧရာဝတီတိုင်းကိုပြောသည်။

အထိနာသွားသော စစ်ကောင်စီတပ်သည် အင်အား ၁၀၀ ကျော် နှင့် လက္ကူးကျေးရွာ အတွင်းသို့ ထပ်မံ၍ စစ်ကြောင်းထိုးရန် ဝင်ရောက်လာပြီး ဒေသခံပြည်သူများ၏ နေအိမ် ၁၂ လုံး ခန့်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ထွက်ပြေး တိမ်းရှောင်ခဲ့သည့် ဒေသခံရွာသား ၁၀၀ ကျော် ခန့်ကို ဖမ်းဆီးကာ လူသားဒိုင်း အဖြစ်ပြုလုပ်၍ လက္ကူးကျေးရွာ ဘုန်းကြီးကျောင်း အတွင်း တပ်စွဲထားကြောင်း မြေပြင် တိုက်ပွဲအတွင်း ပါဝင်သည့် ရဲဘော် တစ်ဦးထံက သိရသည်။

ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ထိတွေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦး ထပ်မံသေဆုံခဲ့ကြောင်းသိရသည်။

“စစ်ကောင်စီတပ်က အထိနာသွားလို့ ရွာထဲကို လက်နက်ကြီးနဲ့ လှမ်းထုတယ်။ ခလရ (၂၈၅) တပ်ရင်း ကလည်းပစ်တယ်။ လက္ကူးကျေးရွာနားက ပင်လယ်ထဲကို ရောက်နေတဲ့ ရေတပ် စစ်သင်္ဘောကလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တယ်” ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း မှ တာဝန်ရှိသူကဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် ပြန်ဆုတ်ခွာရန်အတွက် လက်နက်ကြီး အမြောက်အများဖြင့် လက္ကူးကျေးရွာအတွင်း ရမ်းသန်း ပစ်ခတ်ခဲ့၍ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၄၈) နှစ်အရွယ် ဦးသန်းဇော် ထိမှန် သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရသည်။

အဆိုပါ နှစ်ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ငါး ဦး သေဆုံးခဲ့ပြီး တော်လှန် ရေး တပ်ဖွဲ့ များဘက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း

#ပုလော #၂ရက်ကြာထိတွေ့တိုက်ပွဲ #စစ်ကောင်စီတပ်သား၅ဦးသေဆုံး #ဒေသခံနေအိမ် ၁၂ လုံး #စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး #Ayeyarwaddy_Times