
ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ စက်တင်ဘာလ ၁၇ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စင်တင်ဘာလ ၈ ရက်နေ့က အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးဦးအောင်လွင်နှင့်မိသားစု သေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ ရသည့် ဒေသခံ ငါး ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ တက္ကစီမောင်းသမားတစ်ဦး၊ လင်မယား နှစ် ဦး၊ အခြားအမျိုးသား နှစ်ဦး စုစုပေါင်း ငါးဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်အတွင်း အနီးအနားရှိနေသူများကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များထံကသိရသည်။
“သိရသလောက်က ငါးယောက်ဖမ်းဆီးခံရတယ်ဆိုတာက မှန်ပါတယ်။ ပစ်ခံရတဲ့တစ်ယောက်က အမဲလိုက်မုဆိုး တယ်လီဂရမ် အဖွဲ့ဝင်လို့ကြားတယ်။ သူအပစ်ခံရတော့ CCTVတွေ ပါလိုက် စစ်ပြီးဖမ်းနေတာ။ အခုကျိုက်ထိုမှာ ဆိုင်ကယ်စီးရင်လဲ ယောကျာ်းလေးနှစ်ယောက် တူတူစီးလိုမရဘူး။ ဟိုတလောက ယောကျာ်းလေး နှစ်ယောက်စီးလို့ဆိုပြီး သေနတ်ပစ်ဖမ်းတာ ညဘက်ကြီး။ အတွဲလိုက်ပဲပစ်တာ” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏ ဒေသန္တရအမိန့်ထုတ်ပြန်ထားခြင်းမရှိသော်လည်း အဆိုပါ ဒုတိယဗိုလ်မှူးကြီးပစ်ခတ်ခံရပြီးနောက်ပိုင်း ဆိုင်ကယ်တစ်စီးလျှင် အမျိုးသား နှစ်ဦးမစီးရ ဟုဆိုကာ စီးနင်းသူများကိုလည်း သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ကျိုက်ထိုမြို့နယ် YMBA အသင်းအတွင်း ရေးမှူးဖြစ်သူ၊ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး အောင်လွင်နှင့် မိသားစုတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဇနီးဖြစ်သူသေဆုံးကာ ဒု-ဗိုလ်မှူးကြီး ဦးအောင်လွင်မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းသည် စစ်ကောင်စီ၏ လော်ဘီတယ်လီ ဂရမ်ချန်နယ်ဖြစ်သည့် “အမဲလိုက်မုဆိုးကြီး” အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ကျိုက်ထိုဒေသခံများထံက သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီအဖွဲ့ဝင်များဆိုင်ကယ်စစ်ဆေးနေပုံ (ပုံအဟောင်းကို အသုံးပြုထားသည်)။
#ကျိုက်ထို #ဒေသခံ၅ဦးဖမ်းဆီးခံရ #ဆိုင်ကယ်၂ဦး # #သေနတ်ပစ်ခတ်ဖမ်းဆီး #စစ်ကောင်စီဒုဗိုလ်မှူးကြီးငြိမ်း #Ayeyarwaddy_Times