ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၆ ရက်

အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှု လျော့ကျရေးအတွက် စစ်ကောင်စီက ကုန်သည်များကိုဖမ်းဆီးပြီး ကုန်စည် ဈေးနှုန်း ထိန်းသိမ်းရေးလုပ်ဆောင်နေသော်လည်း ကုန်ဈေးနှုန်းကမူသိသာစွာလျော့ကျလာခြင်းမရှိကြောင်း သတင်းရရှိသည်။

ဩဂုတ်လကုန်ပိုင်းမှစတင်ကာ လက်ရှိချိန်ထိ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးအပါအဝင် စားသုံးဆီ၊ စက်သုံးဆီ၊ ဘဏ်လုပ်ငန်းရှင်များနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို စစ်ကောင်စီဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက စီးပွားရေးလုပ်ငန်းရှင်များကိုဖမ်းဆီးစစ်ဆေးချိန်တွင် ကုန်ဈေးနှုန်းကျဆင်းသွားသော်လည်း ပုံမှန်ကျဆင်းသည့်ပုံစံ မဟုတ်သဖြင့် ရက်ပိုင်းအတွင်းဈေးပြန်တက်သွားသည်ကိုတွေ့ရှိရသည်။

သို့ရာတွင် နိုင်ငံခြားငွေလဲဈေးနှုန်းကျဆင်းနေချိန် ယခုတစ်ပတ်တွင်း စက်သုံးဆီဈေးနှုန်းသိသိသာသာ မြင့်တက်နေကြောင်း သတင်းရရှိသည်။

နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း ယခုနှစ်ပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်းတစ်ရာနီထုတ်ရောင်းထားသဖြင့် နိုင်ငံခြားငွေလဲဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ နီးပါးဖြစ်ပေါ်ခဲ့ရာမှာ ကျပ် ၄၀၀ ကျော်ပြန်ကျလာပြီး ကျပ်ငွေပြန်မာလာကြောင်းဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။

နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးသည် စက်တင်ဘာ ၁ ရက်နေ့တွင် ၃၇၀၀ ကျပ်ရှိရာမှ စက်တင်ဘာ ၁၆ နေ့တွင် ကျပ် ၃၄၄၀ ဝန်းကျင်ရှိကြောင်းဈေးကွက်အတွင်းစုံစမ်းသိရသည်။ ထိုင်းဘတ်ငွေဈေးလည်းကျဆင်းလာရာ ကျပ်ငွေ ခုနစ်ကျပ်နီးပါးရှိလာပြီး စက်တင်ဘာ ၁ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၁၀၄ ကျပ်ရှိရာ စက်တင်ဘာ ၁၆ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၉၇ ကျပ်ဖြင့် ဈေးအနည်းငယ်ကျလာကြောင်းတွေ့နေရသည်။

“ ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းပေးနေတော့ ဝယ်ရလာလွယ်နေတယ်။ အခုက အချို့ကုန်ပစ္စည်းတွေဆိုရင် တရုတ်ယွမ်နဲ့ဝယ်တာလည်းရှိလာနေပြီ” ဟု ပို့ကုန်/သွင်းကုန်းလုပ်ငန်းဆောင်ရွက်သူတစ်ဦးက ပြောကြားသည်။

ယင်းပြင်မြင့်တက်နေသည့်တရုတ်ယွမ်ဈေးပြန်လည်ကျလာရာ စက်တင်ဘာ ၁ ရက်နေ့တွင် တစ်ယွမ်လျှင် ၅၀၆ ကျပ်ရှိရာမှ စက်တင်ဘာ ၁၆ ရက်နေ့တွင် တစ်ယွမ်လျှင် ၄၆၉ ကျပ်ဖြင့်အရောင်းအဝယ်ရှိကြောင်းသိရသည်။

ပြည်တွင်းရွှေဈေးနှုန်း လက်ရှိငွေကြေးဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်းထားများ ကျဆင်းလာသော်လည်း ပြည်တွင်းရွှေဈေးနှုန်းက ဈေးနှုန်းအမြင့်တွင်ငြိမ်နေကြောင်းသိရသည်။

ယနေ့စက်တင်ဘာ ၁၆ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၅ သိန်းကျော်ရှိနေပြီး စက်တင်ဘာ ၁ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်းကျော်ရောက်ရှိရာမှ နှစ်သိန်းကျော်ဈေးကျသွားခြင်းဖြစ်ကြောင်းသိရသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်း နိုင်ငံခြားငွေဈေးနှုန်းမြင့်နေချိန်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းက တရိပ်ရိပ်မြင့်တက်နေကာ ယခုနှစ်ပတ်အတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် နှစ်ရာကျော်မြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၂၄၄၀ ကျပ် ၊ ၉၅ တစ်လီတာလျှင် ၂၅၆၅ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၇၂၅ ကျပ် နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၆၅၀ ကျပ်ရှိကြောင်း သိရသည်။

“ဈေးတွေကအကုန်တက်နေတာ။ အခုဆီဈေးတက်ပြန်ပြီ။ တက္ကစီမောင်းရတာ အဆင်မပြေတော့ဘူး။ ဆီကားက ဆီဈေးကြီး။ Gas ကားက Gas ရဖို့ တန်းစီးတာ အကြားကြီး ဘာလုပ်စားရမလဲ မသိတော့ဘူး” ဟု ရန်ကုန်မြို့တွင်းမောင်းနှင်သူ တက္ကစီမောင်းတစ်ဦးက ပြောကြားသည်။

အခြေခံစားသောက်ကုန်ဈေးနှုန်း အခြေခံစားသောက်ကုန် ဆန်နှင့် ဆီဈေးနှုန်းများကို စစ်ကောင်စီသတ်မှတ်နှုန်းထားအတိုင်းရောင်းချရန် တင်းကျပ်လိုက်ပြီးနောက်ပိုင်း ဈေးကွက်အတွင်း ဆန်နှင့် ဆီ ဝယ်ယူရာတွင် လွတ်လပ်စွာဝယ်ခွင့်မရှိရကြောင်း ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

“အရင်လိုဆန်ဈေးတွေက ပွင့်ပွင့်လင်းလင်းမရေးတော့ဘူး။ အွန်လိုင်းက ဆန်ရောင်းသူ တွေဆိုရင်လည်း အရင်လိုဈေးမတင်ရဲကျတော့ဘူး။ ဝယ်တဲ့သူတွေက နှိုင်းယှဉ်ကြည့်လို့မရဘူးဖြစ်နေတယ်။ ဆန်ဈေးကို တိုးတိုး တိတ်တိတ်မေးနေရတယ်။ သူတို့သတ်မှတ်ဈေးနဲ့ ရိုးရိုးပဲရမယ်။ အိုးဝင်တို့ ထိပ်စတို့ တရားဝင်ရောင်ဈေးက တစ်သိန်းငါးသောင်းနဲ့ တစ်သိန်းခြောက်ထောင်။ စစ်ကောင်စီက အဲဒီလောက်သတ်မှတ်ရင် အဲဒီလောက်ဈေးနဲ့ ဆန်ကိုရောင်းတာ ။ အမြင့်ဆန်တွေ မရဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရွှေဘိုဆန်အိုးဝင်ထိပ်စတစ်အိတ်လျှင် အမြင့်ဆုံးဈေး ကျပ်တစ်သိန်းခြောက်သောင်းထိရှိပြီး စစ်ကောင်စီ သတ်မှတ်ဈေး တစ်သိန်းနှစ်သောင်းဖြင့် ဖျာပုံပေါ်ဆန်းမွှေးသာ ရမည်ဖြစ်ကြောင်း ဆန်လက်လီလက်ကား ရောင်းချသူ တစ်ဦးက ပြောကြားသည်။

ပြည်တွင်းစားသုံးမှုမြင့်သော ပေါ်ဆန်းအုပ်စုဝင် ဆန်အမျိုးအစားများသည် ကျပ် တစ်သိန်းကျော်မှ တစ်သိန်းနှစ်သောင်း ဝန်းကျင်ရှိပြီး အနိမ့်ဆုံးဆန်တစ်အိတ်လျှင် ၈၆၄၀၀ ကျပ်ရှိကြောင်း ၎င်းက ဆိုသည်။

ရွှေဘိုပေါ်ဆန်းမွှေး ၁၃၅၀,၀၀ ကျပ်၊ ၊ ဧရာရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ် ၁၂၉,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ် ၁၀၅,၆၀၀ ကျပ်၊ ပေါ်ဆန်းတစ်အိတ် ၁၀၀၀၀၀ ကျပ်၊ တောင်ပျံတစ်အိတ် ၁၁၀,၄၀၀ ကျပ်၊ ဆင်းသွယ် တစ်အိတ် ၈၆၄၀၀ ကျပ်ရှိကြောင်း ဆန်လက်လီလက်ကားအရောင်းဆိုင်ထံမှ သိရသည်။

ယခုတစ်ပတ်အတွင်း စားသုံးဆီဈေးနှုန်း သိသိသာသာမြင့်တက်လာကာ စစ်ကောင်စီသတ်မှတ်ဈေး စားအုန်းဆီ တစ်ပိဿာလျှင် ၄၅၂၄ ကျပ်ရှိပြီး ပြင်ပဈေးကွက်ပေါက်ဈေး ကျပ် ၉၀၀၀ နီးပါရှိကာ ပြင်ပဆီအရောင်း ဆိုင်များတွင် လွတ်လပ်စွာ ဝယ်ယူခွင့်မရကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။

ဩဂုတ်လနောက်ဆုံးအပတ်မှ စတင်ကာ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီ နှစ်ဆယ်ကျော်ပူးပေါင်းပြီး စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးရာတွင် ပြည်သူများ တန်းစီးတိုးဝယ်နေရကြောင်းသိရသည်။

“ဒီနေ့ပဲဆီတိုးရတယ်။ တစ်ပိဿာ ၄၇၅၀ ဈေးနဲ့။ တစ်ယောက်ကို ငါးဆယ်ပဲရတယ်။ အပြင်ဆီတွေမှာ ဆီမရောင်းလို့ တိုးဝယ်နေရတာပေါ့။ လက်လီဆီဆိုင်တွေက သတ်မှတ်ဈေးနဲ့မရောင်းနိုင်လို့ပိတ်ထားတယ်။ ဈေးတင်ရောင်းပြန်ရင်လည်း အဖမ်းခံရအုံးမယ်။ အဲဒီတော့မရောင်တော့ဘူး။ လိုတဲ့သူတွေက တန်းစီဝယ်ပေါ့” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

ထို့ပြင်စားအုန်းဆီ လက်လီအရောင်းဆိုင်များက စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနိုင်ခြင်းမရှိ၍ စားအုန်းဆီ အရောင်းရပ်ထားရကြောင်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိနှစ်ပတ်အတွင်း စားဖိုဆောင်သီးနှံဈေးနှုန်းတည်ငြိမ်နေကာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ တစ်သောင်းကျပ်၊ အာလူးတစ်ပိဿာလျှင် ၃၅၀၀ ကျပ်ရှိကြောင်း ညောင်ပင်လေးဈေးကွက်မှ စုံစမ်းသိရသည်။

အဆိုပါဈေးနှုန်းများကို ညောင်ပင်လေးဈေးအပါအဝင် ရန်ကုန်မြို့တွင်းရှိ‌လက်လီလက်ကားဈေးများမှ ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့်အမျှ အပြောင်းအလဲဖြစ်ပေါ်နိုင်ပါသည်။

#ကုန်ဈေးနှုန်း #ဒေါ်လာဈေး #ရွှေဈေး #စက်သုံးဆီဈေးမြင့် #ဆန်ဈေး #Ayeyarwaddy_Times