ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၁၆ ရက်

ဒုတိယ စစ်ခေါင်းဆောင်နှင့် အာဆီယံ လေတပ်ဦးစီးချုပ် များတွေ့ဆုံပွဲသို့ ရာထူးမှ ဖယ်ရှားခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သည့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်တက်ရောက်ခြင်းကို မတွေ့ရဘဲ ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က တက်ရောက်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေး သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

စစ်ကောင်စီ ပြုလုပ်သည့် လေတပ်ညီလာခံကို အာဆီယံအဖွဲ့ဝင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များ တက်ရောက်ခဲ့ပြီး ဒုစစ်ခေါင်းဆောင်က ယင်းတို့နှင့် စက်တင်ဘာလ ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယစစ်ခေါင်းဆောင်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်တို့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြသည်။

ပုဂ္ဂလိကဘဏ်များနှင့် အမေရိကန်ဒေါ်လာ အရောင်း အ၀ယ်ကိစ္စများအတွက် ပထမဦးဆုံး ဖမ်းဆီး စစ်ဆေးခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သည့်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် နေရာတွင် ၎င်း၏လက်အောက်မှ ဒုတိယဗိုလ်ချုပ်ကြီး ဇွဲ၀င်းမြင့်ကို အစားထိုးခန့်အပ် နေရာပေးလိုက်ကြောင်းကို ဧရာ၀တီတိုင်းမ်သတင်းဌာနမှ ဖော်ပြခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် အဆိုပါသတင်းကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားသည်။

ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ကောင်စီက ဩဂုတ်လနောက်ဆုံးပတ်ထဲ၌ ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် စစ်ဘက်ဆိုင်ရာထိပ်တန်း အရာရှိများကိုပါ ဆက်တိုက်ဆိုသလို ဖမ်း ဆီးစစ်ဆေးနေပြီး အဓိကအရေးပါသည့် စစ်ရေးဆိုင်ရာ ရာထူးနေရာများကိုပါ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်၏ ပြောပြချက်အရ သိရသည်။ ယခုရက်ပိုင်းအတွင်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကိုလည်း စစ်ဆေးနေကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်က စစ်ဘက်ဆိုင်ရာထိပ်တန်းနေရာများကို အပြောင်းအလဲ ပြုလုပ်သည့်အပြင် ၎င်းယုံ ကြည်ရသည့် လူယုံများကိုပါ ရာထူးရွှေ့ပြောင်း၊ ဖြုတ်ချဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်သည့်အပြင် ၎င်းကို အဓိကထောက်ပံ့ ပေးနေသည့် စီးပွားလုပ်ငန်းရှင်ခရိုနီများကိုပါ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

#အာဆီယံ #လေတပ်ဦးစီးချုပ်များနှင့်တွေ့ဆုံ #ရာထူးမှဖယ်ရှားခံရ #သတင်းထွက်ပေါ် #ရေတပ်ဦးစီးချုပ် #ဗိုလ်ချုပ်ကြီးမိုးအောင်ကိုယ်စား #ဒုတိယဗိုလ်ချုပ်ကြီး #ဇွဲဝင်းမြင့်တက်ရောက်

#Ayeyarwaddy_Times