ဧရာတတီတိုင်းမ်
စက်တင်ဘာလ ၁၆ ရက်

ဧရာဝတီတိုင်း၊ ငွေဆောင်မြို့နယ်ခွဲမှ ဆင်မ၊ညောင်အုပ်နှင့်ရွာသာယာစသည့်ကျေးရွာ သုံးခုမှ ဒေသခံ ၃၀ ဦးကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ ဖိအားပေးပြီး ပြည်သူ့စစ်သင်တန်း တက်ရောက်ခိုင်း နေကြောင်း ဒေသခံများထံက သိရသည်။

ငွေဆောင် ဒေသခံ အမျိုးသား၁၉ ဦးကို ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်က ပျူစောထီး (ပြည်သူ့စစ်)သင်တန်းတက်ရောက်ရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စာရင်းတောင်းယူကာ ယမန်နေ့ စက်တင်ဘာ ၁၅ရက်နေ့က ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်သို့ ပို့ဆောင်ခဲ့ကြောင်း သင်တန်း တက်ရောက်ရန် အတွက် ပို့ဆောင်ခံရသူများနှင့် နီးစပ်သူများထံက သိရသည်။

” စစ်သင်တန်းတက်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူး လာပြီးစာရင်းကောက်သွားတာ ။ ပထမမတက်ဘူးငြင်းတယ်။ သင်တန်းမတက်ရင် PDF ထောက်ခံသူဆိုပြီး တရားစွဲမယ်ခြိမ်းခြောက်တာနဲ့ သင်တန်းသွားတက်ကြရတယ်။ ညောင်အုပ်ရွာမှာလည်းလူငယ်လေးတွေ ၁၀ယောက်လောက် သင်တန်းအပို့ခံရတယ်” ဟု ဆင်မကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

အလားတူ ရွာသာယာကျေးရွာမှ လူငယ်အမျိုးသား ၁၁ ဦးကို စစ်သင်တန်းတက်ရောက်ရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ပို့ဆောင်ခဲ့ပြီး သင်တန်းမတက်ရောက်လိုသူများ အနေဖြင့် တအိမ်လျှင် လစဥ်ငွေကျပ် ငါးသောင်း ပေးရမည်ဟု ခြိမ်းခြောက် တောင်းခံနေကြောင်း သင်တန်းတက်ရောက်ရန် ငြင်းပယ်ခဲ့သည့် ဒေသခံများထံကသိရသည်။

“ရွာသာယာရွာမှာက အယောက်၂၀ သင်တန်းတက်ဖို့တောင်းတာ။ ၁၁ ယောက်ပဲရတော့ ၉ ယောက်စာအတွက် တစ်အိမ်ကိုငါးသောင်း လတိုင်းပေးဖို့ခြိမ်းခြောက်ခံရတယ်” ဟု ရွာသာယာ ကျေးရွာဒေသခံတစ်ဦးကဆိုသည်။

ဧရာဝတီတိုင်းရှိ မြို့နယ်အားလုံးနီးပါး၌ ပြီးခဲ့သည့် သြဂုတ်လမှစ၍ အခြေခံပြည်သူ့စစ်သင်တန်း တက်ရောက်ရန်အတွက် တိုင်းစစ်ကောင်စီမှ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ယူခဲ့ပြီး စာရင်းကောက်ယူရန် စေခိုင်းထားခြင်း ဖြစ်သည်။

#ငွေဆောင်မြို့ #ဒေသခံ၃၀ဦးကို #ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ #ဖိအားပေး #ပြည်သူ့စစ်သင်တန်း #တက်ရောက်ခိုင်း #Ayeyarwaddy_Times