
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ စက်တင်ဘာလ ၁၆ ရက်
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ တပ်ဖွဲ့ဝင် စုစုပေါင်း ၅၆ ဦး သည် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့ပြီဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပြီးနောက် မင်းတပ်မြို့သည် နွေဦးတော်လှန်ရေးတွင် ရရာလက်နက်ဖြစ်သော တူမီးသေနတ်ကို စွဲကိုင်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ခဲ့သည်။
ပထမဆုံးတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗျူဟာမှူးအဆင့်ရှိ ရာထူးကြီးများကို ဖမ်းဆီးပိတ်ဆို့ နိုင်ခဲ့ပြီး မြို့ပေါ်ကိုလည်း တော်လှန်ရေးရဲဘော်များက သိမ်းယူ ထိန်းချုပ်နိုင်ခဲ့ကြောင်းသိရသည်။
“အင်အားအလုံးအရင်းသုံးပြီး မြို့အရှေ့၊အနောက်ကနေ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတွေကို ပြောက်ကျားဗျူဟာနဲ့ ရန်သူကိုအမှည့်ခြွေခုခံနိုင်သလို မြို့အရှေ့က ဝင်ရောက်လာတဲ့ စစ်ကြောင်းကို ဂေါက်ကွင်းအနီးက အနီးကပ်တိုက်ပွဲမှာ စစ်ကား ခုနှစ် စီး အပါအဝင် ရန်သူ့လူ၊လက်နက်၊ရိက္ခာတွေကို သိမ်းယူနိုင်တဲ့အထိ စစ်ကောင်စီကို အထိနာစေခဲ့တယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်ကို တူမီးဖြင့် ခုခံတိုက်ခိုက်ခဲ့ခြင်းကို တနိုင်ငံလုံးရှိ တော်လှန်ပြည်သူများထံ စိတ်ဓာတ်ခွန်အား ပေးနိုင်သည့်အပြင် လက်နက်ကိုင်တော်လှန်မှ ရတော့မည်ဟူသော ခိုင်မာပြတ်သားသည့် သတင်းစကားကိုလည်း ချင်းတော်လှန်ရေး အင်အားစုများက ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိသည်။
ဓာတ်ပုံ-ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)
#ချင်းပြည်နယ် #ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) #စစ်ကောင်စီ #ခုခံတော်လှန်တိုက်ခိုက် #တပ်ဖွဲ့ဝင်၅၆ဦးကျဆုံး #Ayeyarwaddy_Times