
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၆ ရက်
အာဏာသိမ်း ဒုတိယ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၂၀)ကြိမ်မြောက် အာဆီယံ လေတပ်ညီလာခံကို တက်ရောက်လာသည့် လေတပ်ဦးစီးချုပ်များအား တွေ့ဆုံ၍ ရွေးကောက်ပွဲနှင့် သန်းခေါင်စာရင်း ကောက်ယူမည့်ကိစ္စများ ပြောဆိုခဲ့သည်။
စစ်ကောင်စီ ပြုလုပ်သည့် လေတပ်ညီလာခံကို အာဆီယံအဖွဲ့ဝင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များ တက်ရောက်ခဲ့ပြီး ဒုစစ်ခေါင်းဆောင်က ယင်းတို့နှင့် စက်တင်ဘာလ ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဥ် ဒုစစ်ခေါင်းဆောင်က ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများ၊ အာဆီယံ တပ်မတော်များ အချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။
“နိုင်ငံတကာကို မထွက်ရဘဲနဲ့ ပြည်တွင်းမှာရတဲ့ မျက်နှာစာတစ်ခုမှာ အသုံးချလိုက်တာ၊ နိုင်ငံရေး အမြတ်ထုတ်လိုက်တာပဲ။ သူတို့ကို ဘယ်အဆင့်လောက်ကပဲ အသိမှတ်ပြုပြု ဒီအသိအမှတ်ပြုမှုလေးနဲ့ သူတို့ရတဲ့အခွင့်အရေးကို မူတည်ပြီးတော့ ပေါ်လစီအရ ပြောတာပေါ့။ တကယ်တော့ ဒါက ဒုချုပ်အနေနဲ့ ပေါ်လစီအရ တက်ပြောတာ။ တကယ်တမ်းကျတော့ လေတပ်ညီလာခံမို့လို့ လေချုပ်နဲ့တင် ပြီးရမှာ” ဟု တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒုစစ်ခေါင်းဆေင်သည် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း စမ်းသပ်ကောက်ယူမှု အခြေအနေနှင့် (၁၀)နှစ်တစ်ကြိမ် ဆောင်ရွက်ရမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရေး ဆိုင်ရာ ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်း အာဆီယံ လေတပ်ဦးစီးချုပ်များအား ပြောဆိုခဲ့သည်ဟု သိရသည်။
စစ်ကောင်စီသည် ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက်ဟု ယူဆထားသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားနေပြီး ထိုအတွက် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုလည်း လာမည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူသွားမည်ဟု စစ်ခေါင်းဆောင်များက ပြောဆိုထားသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#ဒုစစ်ခေါင်းဆောင် #အာဆီယံ #လေတပ်ဦးစီးချုပ် #တွေ့ဆုံ #ရွေးကောက်ပွဲ #သန်းခေါင်စာရင်းကိစ္စ