ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၆ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အဝင်အထွက်ရှိ အင်းရဲလမ်းဆုံတွင် ကုန်တင်ယာဥ်များကို ရဲနှင့်ပျူစောထီး (ပြည်သူ့စစ်)ပူးပေါင်းအဖွဲ့မှ စစ်ဆေး၍ လမ်းကြေးအကြောင်းပြကာ ငွေကျပ် တစ်သိန်းဝန်းကျင် အထိ တောင်းယူမှုများ ပြုလုပ်နေကြောင်း ဒေသခံကုန်တင်ယာဥ်မောင်းများထံကသိရသည်။

အဆိုပါလမ်းဆုံတွင် စက်တင်ဘာလ ၁၀ရက်နေ့က စတင်ပြီး ရဲနှင့်ပျုစောထီး(ပြည်သူ့စစ်)အဖွဲ့များက ကုန်တင်ယာဥ်များကို လိုင်စင်စစ်ဆေးခြင်း၊ ကုန်ပိုရှိမရှိစစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း ကျုံပျော်-ရန်ကုန်ပြေးဆွဲနေသည့်မြို့ခံကုန်တင်မောင်းများထံကသိရှိရသည်။

“မြို့အဝင်အထွက်အင်းရဲလမ်းဆုံမှာ ရဲနဲ့ပြည်သူ့စစ်တွေ အင်အားပိုချထားတယ်။ ယာဥ်လိုင်စင်ကုန်တင်လိုင်စင်အကုန်စစ်တယ်။ ကုန်ပိုပါမပါလည်းစစ်ခံရတယ်” ဟု ကျုံပျော်-ရန်ကုန်ပြေးဆွဲနေသည့်မြို့ခံကုန်တင်မောင်းတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရဲနှင့်ပျူစောထီး(ပြည်သူ့စစ်) ပူးပေါင်းအဖွဲ့သည် ကုန်စည်အပို သယ်ဆောင်လာမှုနှင့် မြို့ဝင်ကြေး အကြောင်းပြ၍ ကုန်ကားတစ်စီးလျှင် ငွေကျပ် ငါးသောင်း မှ တစ်သိန်း ကြား တောင်းခံမှုများ ပြုလုပ်နေသည့်အတွက် ကုန်စည်သယ်ယူပို့ဆောင်တွင် အခက်အခဲကြုံတွေ့နေရကြောင်း ကုန်တင်ယာဥ်မောင်း အများစုက ပြောဆိုသည်။

ကျုံပျော်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်အားကစားကွင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အင်းရဲလမ်းဆုံတို့တွင် ပြီးခဲ့သည့်မေလ၊ဇူလိုင်လနှင့်သြဂုတ်လအတွင်းဗုံးပေါက်ကွဲမှုကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူး သေဆုံးကာ ဒေသခံ ၃၀ နီးပါး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရကာ မြို့အဝင်အထွက်နေရာနှင့် လမ်းဆုံနေရာတွင် စစ်ဆေးရေး တင်းကြပ်ထားခြင်းဖြစ်သည်။

#ကျုံပျော်မြို့ #အဝင်အထွက်တွင် #ကုန်တင်ယာဥ် #ရဲနှင့်ပျူစောထီး #စစ်ဆေးပြီး #ငွေတောင်း
#Ayeyarwaddy_Times