
ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
စစ်ခေါင်းဆောင်က ၎င်း၏လူယုံ ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်ကြသည့် မိုးမြင့်ထွန်းနှင့် စိုးထွဋ်တို့ကို ငွေကြေးကိစ္စများ နှင့်ပတ်သက်၍ ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။
စစ်ကောင်စီတပ်က ဘဏ်သုံးခုအပါအ၀င် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများ ဖမ်းဆီး စစ်ဆေးနေ သည့်အထဲတွင် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၀န်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုပါ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးစစ်ဆေးနေ ခြင်းဖြစ်ကြောင်း စစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီက ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးနေသူများတွင် ရေတပ်ချုပ် မိုးအောင်နှင့်အတူ ထိပ်တန်း အရာရှိကြီးများ ပါ၀င်လာခြင်းဖြစ်သည်။
စစ်ကောင်စီသည် ပြည်ထဲရေး၀န်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထောင်စုအစိုးရ အဖွဲ့ဝန်ကြီးနေရာကို ရွှေပြောင်းခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေးခံရခြင်းဖြစ်သည်။
“၀န်ကြီး(ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်) ကို ဆေးခွင့်ပေးတယ်ဆိုပြီး အိမ်မှာပဲနေခိုင်းထားတယ်။ သိရတာကတော့ ဒေါ်လာအရောင်းအ၀ယ် တွေနဲ့ပတ်သက်တယ်။ သူ့စီးပွားရေးနဲ့ ပတ်သက်တဲ့ တိုင်စာတွေကိုလည်း စစ်ခေါင်းဆောင်က ဖတ်နေတယ်” ဟု စစ်ရုံးချုပ်နှင့် နီးစပ်သည့် အရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အူမကြီးကင်ဆာရောဂါ ခံစားနေရခြင်းကြောင့် အရေးပါ အရာရောက်သည့် ပြည်ထဲရေး၀န်ကြီးဌာနမှနေ၍ ပြည်ထောင်စု၀န်ကြီး အဖြစ်ပြောင်းရွှေ့ခံရသည်ဟု အကြောင်းပြထားသော်လည်း စီးပွားရေးဆိုင်ရာ တိုင်စာ ကိစ္စများကြောင့် အနားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေးဦးစီးချုပ်နေရာကို လျာထားခြင်းခံရသည့်အပြင် စစ်ခေါင်းဆောင်၏ အနီးကပ်ဆုံးလူယုံ ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း ပို့ကုန်၊ သွင်းကုန်၊ ဒေါ်လာကိစ္စများနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
စစ်ခေါင်းဆောင်၏ လူယုံ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် အရေးပါ အရာရောက်ကာ အောင်မြင်ခဲ့သည့် မည်သည့်ကိစ္စကိုမှလုပ်ဆောင်ခဲ့ခြင်းမရှိဘဲ အချိန်တိုအတွင်း စစ်ခေါင်း ဆောင်၏ အရေးပေးမှုနှင့် အရေးပါသည့်နေရာများကို ရယူထားသူတစ်ဦးဖြစ်ပြီး ယခုကဲ့သို့ ထိန်းသိမ်းစစ်ဆေးခံရခြင်းကြောင့် စစ်တပ်ထိပ်တန်းအရာရှိ အသိုင်းအဝိုင်းက ၎င်းတို့အတွက်ပါ စိုးရိမ်မှုများရှိနေကြောင်း သိရသည်။
စစ်ကောင်စီသည် စီးပွားရေးလုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးမေးမြန်းပြီးနောက် အဆိုပါစီးပွားရေးလုပ်ငန်းများတွင် အဓိကပါ၀င်နေသည့် စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိများကိုပါ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်သတင်းရင်း မြစ်ထံက သိရသည်။
စစ်ခေါင်းဆောင်၏ လူယုံ ဒုတိယဗိုလ်ချုပ်ကြီးများ ဖမ်းဆီးစစ်ဆေးခံရသည့်အကြောင်း ရင်းမှာ အမေရိကန်ဒေါ်လာ အလဲအလှယ်နှင့်ပတ်သက်၍ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို မရိုးမသားလုပ်ဆောင်နေခြင်းကြောင့် ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
ပုံစာ- ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်
#စစ်ခေါင်းဆောင် #ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း #ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် #ဖမ်းဆီးစစ်ဆေးနေ #Ayeyarwaddy_Times