ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ စက်တင်ဘာ ၁၅ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ထိန်ကြန်း(Thip cang ) ကျေးရွာနှင့် နှသီယန်း (Hnahthial ) ကျေးရွာကြားတွင်ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်)တပ်ဖွဲ့ဝင်က သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်)တပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရက်မူး၍ သေနတ် ခုနစ်ချက်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဖလမ်းမြို့နယ်၊ ဟိုင်းမွလ်လ် (Haimual) ကျေးရွာနေ ၁၄ နှစ် ကလေးတစ်ဦး(အမျိုးသားသည် ဒူးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ရေတွေခပ်ခိုင်းတယ်။ သူတို့က အရမ်းကြောက်ကြတယ်။ သားက ရေခပ်နေတုန်း CDF-ထန်တလန် တွေက သေနတ်နဲ့ပစ်လိုက်တာ။ တော်သေးတယ် ဒူးကိုမှန်လို့ မသေတာ။ အရိုးတွေတော့အကုန်ကျိုးတယ်။ ကလေးရဲ့ ဒူးကို ဖြတ်ထောက်ရမယ် “ဟု ကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စက်တင်ဘာလ ၁၃ ရက်၊ ညနေပိုင်းတွင် ဖလမ်းမြို့နယ်၊ ဇောင်သဲ(Zongte) ကျေးရွာနှင့် ငိုင်းလန်း(Ngailan) ကျေးရွာကြားတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) တပ်ဖွဲ့ဝင်များက အရက်မူး၍ သေနတ်ဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် ကျေးရွာသားများထိတ်လန့်ကာ ထွက်ပြေးခဲ့ရကြောင်း ဒေသခံများ၏ ပြောဆိုချက် အရသိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်)တပ်ဖွဲ့ဝင်များသည် ယင်းနေ့ စက်တင်ဘာ ၁၃ ရက်၊ ညနေပိုင်းတွင် ဖလမ်းမြို့နယ်၊ ဟိုင်းမွာလ်(Haimual)ကျေးရွာတွင် သေနတ်ရမ်းသန်း ပစ်ဖောက်ခဲ့ပြီး အကြောင်းမဲ့သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်၍ ဒေသခံအမျိုး သမီးတစ်ဦးက ပြန်လည်မေးမြန်းခဲ့ရာ မကျေနပ်သည့်အတွက် ၎င်းအမျိုးသမီးကို ခြိမ်းခြောက်၍ ခြေထောက်ဆေးရန် ရေခပ်ခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရေခပ်ခိုင်းတဲ့အတွက် ၁၄ နှစ်အရွယ် အိမ်ရှင်ရဲ့သားက ရေခပ်ပေးနေတာကို သေနတ်နဲ့ ပစ်လို့ ဒူးကို မှန်ပြီး အရိုးတွေ ကျိုးကုန်တာ” ဟု ကျေးရွာဒေသခံထံက ဆိုသည်။

ဖလမ်းမြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်)တပ်ဖွဲ့ဝင်များသည် အပြစ် မရှိသည့် ဒေသခံပြည်သူအများကို ခြိမ်းခြောက်မှုများ မကြာခဏပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း အရက်မူးနေသည့် ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့ဝင်တစ်ဦးက ဖလမ်းမြို့နယ်၊ ထိန်ကြန်း(Thip cang )ကျေးရွာရှိ သက်ကြီးရွယ်အို တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပုံစာ-CDF-ထန်တလန်တပ်ဖွဲ့ဝင်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသော ကလေး ငယ်

#ချင်းပြည်နယ် #ဖလမ်းမြို့နယ် #ချင်းကာကွယ်ရေးတပ်ဖွဲ့ထန်တလန် #၁၄နှစ်အရွယ်ကလေး #သေနတ်ဖြင့်ပစ်ခတ် #ဒူးခေါင်းတွင်ဒဏ်ရာရရှိ #Ayeyarwaddy_Times
ဧရာဝတီတိုင်းမ်