
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်
အမေရိကန်ငွေလဲနှုန်းထား ကျဆင်းနေချိန် ယခုငါးရက်အတွင်း စက်သုံးဆီဈေးနှုန်းမြင့်တက်လာကာ တစ်လီတာလျှင် ကျပ် တစ်ရာနီးပါးမြင့်တက်သွားကြောင်း စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်နေ့အတွင်း တစ်လီတာလျှင် ပျှမ်းမျှ ၈၀ ကျပ်မှ ၁၀၀ ကျပ်အထိမြင့်တက်လာခြင်းဖြစ်သည်။
စက်တင်ဘာ ၁၅ ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၃၈၅ ကျပ် ၊ ၉၅ တစ်လီတာ လျှင် ၂၅၁၀ ကျပ်ဖြစ်ပြီး ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၆၇၀ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၂၅၉၅ ကျပ်ရှိကြောင်း ယင်းကော်မတီထံမှ သိရသည်။
ထို့ပြင် စက်တင်ဘာ ၁၀ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၂၉၅ ကျပ်၊ ၉၅ တစ်လီတာ ၂၄၁၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၅၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၁၅ ကျပ်ရှိကြောင်းသိရသည်။
“ ဒီရက်ပိုင်းဆီဈေး တရိပ်ရိပ်တက်နေတယ်။ ရန်ကုန်တောင် ဒီလောက်တက်တာ နယ်ဈေးဆို ပိုတက်မယ်။ လုပ်ငန်း ငန်းရှင်တွေကို ချိန်းခြောက်ပြီး ဈေးကျနေပြီလို့ လျှောက်ပြော နေတာ။ ဈေးကွက်ကို ဖမ်းဆီးပြီးတော့ ထိန်းချုပ်နေတာ ဘယ်ရမလဲ အခုပဲကြည့် ဈေးတက်နေတာ ” ဟု ကိုယ်ပိုင်ယဉ်မောင်း တစ်ဦးက ပြောကြားသည်။
အဆိုပါ စက်သုံးဆီဈေးများ ထပ်မံမြင့်တက်လာသဖြင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများတွင် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာပြီး ကုန်ပစ္စည်းများ ဈေးတက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးအပါအဝင် ပြည်တွင်း စက်သုံးဆီ အရောင်းဆိုင်များဖွင့်ထားသည့် ကုမ္ပဏီများမှ မန်းနေဂျင်း ဒါရိုက်တာ အချို့ ဖမ်းဆီး စစ်ဆေးခံရပြီး ပြန်လည် လွတ်မြောက် လာကြောင်း သတင်းရရှိသည်။
အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၁ ခုနှစ်မှစတင်ကာ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီထံမှ စက်သုံးဆီကို လက်လီ၊ လက်ကားရောင်းချသော ကုမ္ပဏီများက အချိုးကျစနစ်ဖြင့် ဝယ်ယူနေရခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ယက်
#ငါးရက်အတွင်း #စက်သုံးဆီဈေးနှုန်း #တစ်လီတာ ကျပ်၁၀၀နီးပါးမြင့်တက် #Ayeyarwaddy_Times