
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်
ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် စားသုံးဆီသက်သာချောင်ချိရေးအတွက် စစ်ကောင်စီက ဆီဆိုင်များကို ဖိအားပေး ရောင်းချခိုင်းသော်လည်း အလွယ်တကူ ဝယ်ယူနိုင်ခြင်းမရှိ၍ အခက်ကြုံနေရကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ၏ ဖိအားပေးရောင်းခိုင်းမှုကြောင့် သက်မှတ်ထားသည့် ဆီဆိုင်အချို့တွင် စစ်ကောင်စီ၏ စားအုန်းဆီ သက်မှတ်ရည်ညွှန်းစျေးဖြင့် ဝယ်ယူရရှိသော်လည်း ဆီ ၅၀ ကျပ်သား တစ်ဘူးရရှိရန်အတွက် တနေကုန် စောင့်ဆိုင်း၍ ဝယ်ယူနေရကြောင်း သိရသည်။
“ ဆီကတော့ရောင်းတယ်။ အတိုင်းအတာနဲ့ရောင်းတာဆိုတော့ လိုသလောက် ဝယ်ဖို့ အဆင်မပြေဘူး။ ဆီ ၅၀သား တစ်ဘူးရဖို့ မနက် လေးနာရီကတည်းက မိုးရွာရွာ နေပူပူ သွားတန်းစီရတယ်။ ဆီဝယ်တဲ့သူက အရမ်းများတော့ မိုးလင်းမိုးချုပ် တန်းစီစောင့်ပြီး တိုးနေရတာ” ဟု အမည်မဖော်လိုသည့် မအူပင်မြို့ ဒေသခံတစ် ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
မအူပင်မြို့တွင် ကုန်ခြောက်ဆိုင် အများအပြားရှိသော်လည်းစားသုံးဆီကို စစ်ကောင်စီ၏ ရည်ညွှန်းစျေးဖြင့် ပြန်လည်ရောင်းချနိုင်ခြင်းမရှိ၍ ရောင်းချခြင်းမရှိကြောင်း သိရသည်။
“မအူပင်မှာ ကုန်ခြောက်ဆိုင်တွေအများကြီး ရှိပေမယ့် အဓိက ဆီရောင်းချ ပေးနေတဲ့ဆိုင်က သုံး ဆိုင်လောက်ပဲရှိတာ။ မနက် လေးနာရီ ထိုးလောက် ကနေ တန်းစီပြီး ည ကိုး နာရီလောက်အထိကို လူကမပြတ်ဘူး ဖြစ်နေတာ။ ဒါတောင် ဆီဆိုင်ပိုင်ရှင်တွေကို စစ်ကောင်စီက ခြိမ်းခြောက်မှုတွေ လုပ်ပြီးရောင်းခိုင်းနေလို့ “ ဟု မအူပင်မြို့ ဒေသခံက ပြောသည်။
စားသုံးသူရေးရာ ဆီလုပ်ငန်းရှင်များသည် စားသုံးဆီကို စစ်ကောင်စီ၏ သတ်မှတ်ဈေး ဆီ တစ်ပိသာ ၄၅၀၀ ကျပ်ဖြင့် လိုသလောက်ရောင်းချပေးနေကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြလျက်ရှိသော်လည်း လက်ရှိမြေပြင်တွင် ဆီဝယ်ယူရန် အတွက် အခက်အခဲများစွာကို ပြည်သူများ ကြုံတွေ့နေရသည်။
ပုံစာ- မအူပင်ရှိ ဒေသခံများ ဆီဝယ်ယူရန် တန်းစီနေစဉ်
#မအူပင် #စားသုံးဆီသက်သာချောင်ချိရေး #စစ်ကောင်စီ #ဆီဆိုင်များ #ဖိအားပေး ရောင်းချခိုင်း #အလွယ်တကူဝယ်ယူနိုင်ခြင်းမရှိ #Ayeyarwaddy_Times