ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ရှိ ကျေးရွာအချို့၌ ဖမ်းဆီး ခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ မိသားစုဝင်များကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့်စရဖ အဖွဲ့မှ ခေါ်ယူစစ်ဆေး၍ တပ်ရိက္ခာနှင့် ငွေကျပ် တစ်သိန်း အတင်းအကျပ် တောင်းယူ နေကြောင်း ခေါ်ယူစစ်ဆေးခံရသည့် မိသားစုဝင်များထံက သိရှိရသည်။

မြန်အောင်မြို့အနီးရှိ အောင်မြင်ကိုင်း ၊ကျောင်းကုန်းနှင့် အစုကြီးစသည့် ကျေးရွာများရှိ နိုင်ငံရေးတက်ကြွ လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူ၏ မိသားစုဝင်များအပေါ် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ ခလရ (၅၁)ရှိ စရဖ အဖွဲ့မှ ပြီးခဲ့သည့် စက်တင်ဘာလ၁၀ ရက်နေ့ကစပြီး ရပ်ကျေး အုပ်ချုပ်ရေးမှူး ရုံးများတွင် ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

” အိမ်မှာအကိုတစ်ယောက်က ဆန္ဒပြမှုနဲ့အဖမ်းခံရတာဆိုတော့ အိမ်မှာလူမနေတော့ဘူး။ ရှိတဲ့သူတွေကလည်း အဆင်မပြေတော့ အလုပ်ထွက်လုပ်နေရတာ။အဲဒါကိုအိမ်မှာလူမတွေ့ရလို့ဆိုပြီး ညီမကိုခေါ်မေးတယ်။စစ်ဆေးတယ်။ မေးတဲ့သူထဲမှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်ကအရာရှိတွေလည်း တွေ့ရတယ်။ အိမ်မှာဘာလို့ လူမရှိတာလဲ။ တကယ်လို့လူနေထိုင်တာ မရှိရင်အုပ်ချုပ်ရေးမှူးဆီကိုအကြောင်းကြားရမယ်ပေါ့ ” ဟု စစ်ဆေးမေးမြန်းခံရသည့် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ ခေါ်ယူစစ်ဆေးမှု အပြီးတွင် တပ်ရိက္ခာ လိုအပ်ချက် ရှိသည်ဟု အကြောင်းပြ၍ ဖမ်းဆီးခံရသူ မိသားစုတစ်စုလျှင် ဆန်တအိတ်နှင့် ငွေကျပ် တစ်သိန်း ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ထံ လစဥ်ပေးရန် အတင်းအကြပ် တောင်းခံမှုရှိနေကြောင်း လည်း စစ်ဆေးမေးမြန်း ခံရသူများထံက သိရသည်။

“တမင်ငွေညစ်ချင်လို့ ခေါ်မေးတာ။ မေးလို့လည်းပြီးရော တပ်ရိက္ခာ ပေးဖို့တစ်အိမ်ကို ဆန်တစ်အိတ်နဲ့ ငွေတစ်သိန်း လတိုင်းပေးရမယ်။ မပေးရင်အိမ်ကို ချိတ်ပိတ်မယ် ဆိုပြီးခြိမ်းခြောက်ခံရတယ်” ဟု အစုကြီးကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။

အလားတူပြီးခဲ့သည့် စက်တင်ဘာလ ၁၁ရက်ကစတင်၍ ပုသိမ်မြို့နယ်ရှိ ကျေးရွာအချို့၌ စစ်ကောင်စီခန့်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စရဖ တို့ပူးပေါင်းကာ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် တိမ်းရှောင်နေသူများ၏ မိသားစုဝင်များကို လိုက်လံခေါ်ယူ စစ်ဆေးနေပြီးတပ် ရိက္ခာဆန် နှင့် ငွေကျပ် သုံးသိန်းကို အတင်းအဓမ္မ တောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။

#မြန်အောင်မြို့ #ဖမ်းဆီးခံရ #နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ #မိသားစု၀င် #အုပ်ချုပ်ရေး #စရဖ #ခေါ်ယူစစ်ဆေး #ငွေတောင်းခံမှုပြုလုပ်
#Ayeyarwaddy_Times