နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်

အာဏာသိမ်း စစ်ကောင်စီက ဦးဆောင်ပြုလုပ်သည့် အာဆီယံ လေတပ်ညီလာခံကို အာဆီယံဥက္ကဌ အင်ဒိုနီးရှား နိုင်ငံအပါအဝင် အင်အားကြီး နိုင်ငံများဖြစ်သည့် မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက တက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လေတပ် ညီလာခံသည် စစ်ကောင်စီအတွက် နိုင်ငံရေးပြယုဒ်ဖြစ်၍ ထိုညီလာခံမှတဆင့် လေတပ်ချင်း ပေါင်းစပ်၍ ပူးတွဲလေ့ကျင်မှုများ လုပ်ဆောင်သွားရန် လည်း စစ်ကောင်စီက မျှော်လင့်ထားသောကြောင့် နိုင်ငံတကာ အနေဖြင့် ပြတ်ပြတ် သားသား လုပ်ဆောင်ရန်လိုကြောင်း KNU နှင့် CDM အရာရှိအပါအဝင် လေ့လာသူများ က သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပသည့် အကြိမ် (၂၀)မြောက် အာဆီယံ လေတပ်ညီလာခံကို စစ်ကောင်စီက ခန့်အပ်ထားသော ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ဦးဆောင်၍ စက်တင်ဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-1)တွင် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် အဆိုပါညီလာခံကို နိုင်ငံအများစုနှင့် အောင်မြင်စွာ ပြုလုပ်နိုင်ပါက နောက်ပိုင်းတွင် အာဆီယံ၌ရှိသော လေတပ်များနှင့် ပေါင်းစပ်၍ ပူးတွဲလေ့ကျင်မှုများ လုပ်ဆောင်သွားရန်အထိ မျှော်လင့်ထားပုံရသည်။ လက်ရှိစစ်ကောင်စီ လေတပ်များ သည် အချင်းချင်းမှားယွင်းဗုံးကြဲခြင်း၊ ပစ်မှတ်သေများကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိတော့သည့်အတွက် ယင်းအားနည်းချက်များကို ပြင်ဆင်ရန် အခွင့်အရေးတစ်ခုလည်း ဖြစ်နေသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

“အဓိကကတော့ သူတို့(စစ်ကောင်စီ) နိုင်ငံရေးထွက်ပေါက်ပေါ့နော်။ အာဆီယံမှာ လေတပ်နဲ့ပတ်သက်ပြီး ညှိနှိုင်းရတယ်၊ ဆွေးနွေးရတယ်ဆိုတဲ့ ပြယုဒ်ကို အပူတပြင်း ပြသလိုတဲ့ သဘောရှိတယ်။ (ဗိုလ်ချုပ်ကြီး) ထွန်းအောင်အတွက်ကလည်း ဒီဟာက တော်တော်လေး အရေးပါပါတယ်။ ဒီအာဆီယံမှာ မျက်နှာပန်း မလှခဲ့ရင် သူ့အတွက် အလားအလာ မကောင်းနိုင်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်အနေနဲ့ လူစားထိုးတာတွေ များနေလို့ပဲ ဖြစ်ပါတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ ပြုလုပ်သည့် လေတပ်ညီလာခံကို အာဆီယံအဖွဲ့ဝင် ဘရူနိုင်း၊ ကမ္ဘောဒီး ယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက တက်ရောက်ခဲ့ပြီး ယင်းတို့နှင့် တစ်နိုင်ငံချင်းစီ သီးခြားတွေ့ဆုံ၍ အာဆီယံ လေတပ်ဖွဲ့များအကြား ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ က ထုတ်ပြန်ထားသည်။

“ဒီနေ့ဒီကာလမှာ လူထုကို ဒီလောက်ရက်ရက်စက်စက် လုပ်ပြနေတဲ့ ဒီအဖွဲ့အစည်း မျိုး(စစ်ကောင်စီ)ဟာ ဘယ်နေရာမှ လက်ခံပေးဖို့ မသင့်ဘူးဆိုတာ ကျွန်တော် ထပ်ပြောချင်တယ်။ အဲဒါကို ပြတ်ပြတ်သားသား လုပ်စရာရှိတာ လုပ်ပါတော့၊ ကျွန်တော်တို့ ဘက်ကလည်း လုပ်နိုင်တဲ့အပိုင်းကို ကျွန်တော်တို့လုပ်မယ်” ဟု KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိနွေဦးတော်လှန်ရေးသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လက်ချင်းမချိတ်ဘဲ ကိုယ့်ဘာကိုယ် တစ်လမ်းသွားဖြင့် မောင်း၍ရသည့်ကိစ္စ မဟုတ်သလို ထိုအရာသည် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော တော်လှန်ရေးတစ်ခုဖြစ်ကြောင်း ပဒိုစောတောနီးက ဆိုသည်။

“အခုကျွန်တော်တို့ လူထုက ရုန်းနိုင်တဲ့အပိုင်းကို ရုန်းသလို နိုင်ငံတကာကလည်း သူတို့ လုပ်နိုင်တဲ့အပိုင်းကနေလုပ်ဖို့ တာဝန်ကိုရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါလူသားနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။ လူသားတွေ ဒုက္ခရောက်တဲ့အခါမှာ နိုင်ငံတကာမှာရှိတဲ့ လူသားတိုင်းကလည်း သူ့မှာ တာဝန်ရှိတယ်ဆိုတာကို သူလုပ်ပြဖို့ လိုတယ်ဗျ။ ကျွန်တော်အဲဒါပဲ ပြောချင်တယ်” ဟု ပဒိုစောတောနီးက ဆက်လက်ပြောကြားသည်။

ထိုညီလာခံကို ဦးဆောင်ကျင်းပသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို အမေရိကန်နှင့် ဗြိတိန်တို့က ဒဏ်ခတ်အရေးယူထားသည်။

စစ်ကောင်စီက ဦးဆောင်ကျင်းပသည့် အာဆီယံ လေတပ်ညီလာခံကို အာဆီယံဥက္ကဌ အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံ တို့က လုံး၀ တက်ရောက်ခဲ့ခြင်းမရှိသလို လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာအစား အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူမည့် ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များကလည်း Video Message သာ ပေးပို့ခဲ့သည်။

“ဒါကလည်း သူ့ရဲ့(စစ်ကောင်စီ) နိုင်ငံရေး တရားဝင်မှု၊ ထွက်ပေါက်အတွက်ကို စီစဉ်ဆောင်ရွက်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒေသတွင်း အာဆီယံ ထိပ်သီးအစည်းအဝေးတွေ၊ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေမှာ သူ့ကို နိုင်ငံရေး အရ တရားဝင်မှုနဲ့ တက်ရောက်ခွင့် လုံးဝပေးမထားဘူး။ အဲဒီအပေါ်မှာ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ဒေသတွင်းနဲ့ နိုင်ငံရေးမျက်နှာစာမှာရော၊ နိုင်ငံတကာ သံတမန်ရေးရာ မျက်နှာစာမှာရော တော်တော်လေးကို အရေးနိမ့်နေတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်” ဟု နိုင်/ကျဉ်းဟောင်း ဦးထွန်းကြည်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ကြောင့် စစ်ကောင်စီက အာဆီယံ လေတပ်ညီလာခံကို စီစဉ်ဆောင်ရွက်ခြင်းသည် ၎င်းတို့၏ စစ်အာဏာ တည်တံ့ခိုင်မြဲရေးကို ရည်ရွယ်၍ နိုင်ငံရေး ထွက်ပေါက်၊ နိုင်ငံရေး တရားဝင်မှု၊ နိုင်ငံရေး ဂုဏ်သိက္ခာ စသည့်ကိစ္စရပ်များ လုပ်ဆောင်ရန်ထက် မပိုကြောင်း ဦးထွန်းကြည်က သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကောင်စီ

#စစ်ကောင်စီ #နိုင်ငံရေးပြယုဒ် #အာဆီယံလေတပ်ညီလာခံ #အင်ဒိုနီးရှား #အင်အားကြီးလေးနိုင်ငံ #တက်ရောက်ခြင်းမရှိ #Ayeyarwaddy_Times